မြန်မာစစ်တပ်နှင့် AA စစ်မဖြစ်ရေး ဒေါက်တာအေးမောင်တို့၏ပါတီ ထပ်တလဲလဲတိုက်တွန်းနေ

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား တစ်ကျော့ပြန်စစ်ပွဲမဖြစ်ပွားရေးအတွက် နှစ်ဘက်တင်းမာမှုများကို လျှော့ချနိုင်သည့်နည်းလမ်းများဖြင့် အပြန်အလှန်ချဉ်းကပ်ကြရန် လိုအပ်လျက်ရှိနေ ကြောင်း ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ(AFP)က ယနေ့(ဇူလိုင်လ ၁၁ ရက်နေ့)တွင် ထုတ်ပြန်လိုက်သည်။

10 Jul 2022

DMG ၊ ဇူလိုင် ၁၁

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား တစ်ကျော့ပြန်စစ်ပွဲမဖြစ်ပွားရေးအတွက် နှစ်ဘက်တင်းမာမှုများကို လျှော့ချနိုင်သည့်နည်းလမ်းများဖြင့် အပြန်အလှန်ချဉ်းကပ်ကြရန် လိုအပ်လျက်ရှိနေ ကြောင်း ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ(AFP)က ယနေ့(ဇူလိုင်လ ၁၁ ရက်နေ့)တွင် ထုတ်ပြန်လိုက်သည်။

 မြန်မာနိုင်ငံသို့ရောက်ရှိလာသည့် အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာပရက်ခ် ဆိုခွန်းကိုလည်း စစ်ကောင်စီနှင့်ရက္ခိုင့်တပ်တော်တို့အား ညှိနှိုင်းဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ရောက်ရှိရေးအတွက် ဆောင်ရွက်ပေးရန်အတွက် ရခိုင့်ဦးဆောင်ပါတီက ဇူလိုင်လ ၂ ရက်နေ့က  တိုက်တွန်းခဲ့သေးသည်။ ယင်းနောက်ပိုင်းတွင် ယခုကဲ့သို့ ထုတ်ပြန်ချက်ထုတ်ပြီး တိုက်တွန်းလာခြင်းဖြစ်သည်။

ရခိုင်ပြည်သူများ၏ ဆန္ဒအားထင်ဟပ်လျက် ရခိုင့်ဦးဆောင်ပါတီအနေဖြင့် တိုက်ပွဲများမဖြစ်ပွားရေးကို လိုလား ကြောင်းနှင့် AA နှင့်စစ်တပ်တို့ကြား ရေရှည်တည်တံ့သည့် တည်ငြိမ်မှုနှင့်ငြိမ်းချမ်းမှုကိုရရှိရေးမှာ နိုင်ငံရေး သဘောတူညီချက်ရရန်လိုအပ်ကြောင်း AFP ပါတီပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက DMG သို့ပြောသည်။

“ရခိုင်ပြည်သူလူထုအတွက် ဂုဏ်သိက္ခာရှိတဲ့နိုင်ငံရေး သဘောတူညီချက်ပုံစံက လက်နက်ကိုင်အဖွဲ့အစည်း နှစ်ရပ်ကြားမှာ နိုင်ငံရေးသဘောတူညီချက်ရဖို့လိုတယ်။ အဲဒါမှ ရေရှည်တည်တံ့တဲ့  တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုကို ရမယ်။နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းတွေ အပြန်အလှန်ချဉ်းကပ်ကြဖို့အတွက်လည်း ကြားက လုပ်ပေး နိုင်တဲ့အဖွဲ့တွေလိုပါတယ်။အရင်ဆိုရင် နိုင်ငံတကာဘက်ကနေ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဆာဆာကာဝါ တို့စသဖြင့်ရှိတာပေါ့။အဲဒီလိုမျိုး ကြားခံအဖွဲ့တွေလိုပါလိမ့်မယ်” ဟု ၎င်းကပြောသည်။

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ တာရှည်လာသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျှောက် လတ်တလော ယာယီတည်ငြိမ်မှု ပုံစံတစ်မျိုးမျိုးမှသည် ဂုဏ်သိက္ခာရှိရှိ သာယာဝပြောသည့် လူ့အဖွဲ့အစည်းများအဖြစ်သို့ ပြန်လည် တည်ဆောက်သွားနိုင်ရေး ဟူသည့် ပန်းတိုင်အလို့ငှာ ရန်ဘက်တိုက်ပွဲဝင်အုပ်စုများအကြား “နိုင်ငံရေး သဘောတူညီချက်”များ တည်ဆောက်နိုင်ရေးမှာ ဖြတ်သန်းရမည့် လုပ်ငန်းစဉ်အဆင့်တစ်ရပ် ဖြစ်ကြောင်းလည်း ရေးသားထားသည်။

ယင်းအပြင် ယခုကာလသည် လယ်သမားများ၏ မိုးရာသီလယ်ယာလုပ်ငန်းခွင်အစဖြစ်ရာ စစ်ဒဏ်ခံ ရခိုင်ဒေသ၏ စားနပ်ရိက္ခာလုံခြုံမှုအတွက် စစ်ပွဲ၏ထိခိုက်မှုကို မခံရဘဲ လယ်ယာလုပ်ငန်းများကို ဖြောင့်ဖြောင့် တန်းတန်း လုပ်ကိုင်နိုင်ရန် လိုအပ်လျက်ရှိနေကြောင်း ထုတ်ပြန်ချက် ဆက်လက်ရေးသားထားသည်။

လက်ရှိတွင် မြန်မာစစ်တပ်နှင့် AA တို့ကြား တင်းမာမှုကို လျော့ပါးစေရန် အပြန်အလှန် ဖမ်းဆီးမှုများအား ရပ်တန့်ခြင်း၊ ဖမ်းဆီးထားသူများအား ပြန်လွှတ်ခြင်း၊ အမှုတစ်မှုချင်းအလိုက် တရားရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းဘောင်အတွင်းမှ စွဲဆိုမှု ရပ်တန့်ကာ ပြန်လွှတ်ပေးခြင်းတို့အား လုပ်ဆောင်ကြရန် လိုအပ်ကြောင်း AFP ပါတီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“တင်းမာမှုတွေကို လျော့ချဖို့အတွက် လတ်တလောမှာ အပြန်အလှန်ဖမ်းဆီးတာတွေကို ရပ်ဖို့လိုတယ်။ ဖမ်းဆီးပြီးသားသူတွေကို အပြန်အလှန် ပြန်လွှတ်ပေးဖို့လိုတယ်။ စစ်ကောင်စီဘက်ကဆိုရင်  ဖမ်းဆီးပြီး တရားစွဲဆိုထားတဲ့သူတွေကို ကျေအေးလိုက်ရင် ပြီးသွားနိုင်တဲ့ အနေအထားတွေရှိတယ်။ ဖမ်းဆီးပြီး ထောင်ဒဏ်ချပြီးသားသူတွေရှိရင် ဥပဒေဘောင်တွင်းက ပြစ်ဒဏ်လျော့ပေါ့ပြီး လွှတ်လို့တာရှိတယ်။အဲဒီလို ဘောင်အတွင်းကလုပ်လို့ရတဲ့ နည်းလမ်းတွေရှာပြီး နှစ်ဖက်စလုံးက အပြန်အလှန် ပြန်လွှတ်ပေးဖို့လိုတယ်” ဟု  ဦးကျော်ဇောဦးက ပြောသည်။

ယခုနှစ် ဇွန်လ ၁၆ ရက်နေ့မှစတင်ကာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တို့မှ အရပ်သား ပြည်သူ ၅၀ ကျော်မှာ မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ ယင်းအထဲမှ ဒေသခံ ၁၈ ဦးခန့်မှာ ပြန်လည် လွတ်မြောက်လာသော်လည်း ဒေသခံ ၁၈ ဦးမှာ ကြီးလေးသည့်ပုဒ်မတို့ဖြင့် တရားစွဲဆိုခံထားရသည်။ စစ်တွေမှ ဖမ်းဆီးခံခဲ့ရသည့် ဒေသခံနှစ်ဦးကိုလည်း မှောင်ရိပ်ခိုမှုဖြင့် စစ်ကောင်စီမှ ထောင်ဒဏ် တစ်လချမှတ် ထားသည်။

ရခိုင်ပြည်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးအပတ်မှ စတင်ကာ ၂ နှစ်ကြာ ပြင်းထန်းစွာဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်နှင့် AA တို့၏ တိုက်ပွဲများသည် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် နားလည်မှုဖြင့် ရပ်တန့် နိုင်ခဲ့ ခြင်းဖြစ်ပြီး လက်ရှိတွင် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်ဖမ်းဆီးခြင်းများရှိနေကာ စစ်ရေးတင်းမာလျက်ရှိ သောကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အခြေအနေရှိနေသည်။

ဗီဒီယိုများ