လုံခြုံရေးအာမခံချက်မရှိဘဲ ရခိုင်စစ်ရှောင်များကို စစ်ကောင်စီဝန်ကြီးများက နေရပ်ပြန်ရန် ဖိအားပေး

ပြီးခဲ့သည့် ရက်ပိုင်းက ပြည်ထောင်စုအဆင့်ရှိ စစ်ကောင်စီ ဝန်ကြီးများသည် ရခိုင်ပြည်အတွင်းရှိ စစ်တွေ၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး မြို့နယ်များသို့သွားရောက်ကာ အဆိုပါမြို့နယ်တို့မှ စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် ပြောဆိုခဲ့ကြောင်း သိရသည်။

By Admin 11 Feb 2023

စစ်ကောင်စီဝန်ကြီးများ ကျောက်တော်မြို့နယ်၊ မဟာမုနိစစ်ဘေးရှောင်စခန်းသို့ ရောက်ရှိစဉ် မြင်ကွင်းများ။ 
စစ်ကောင်စီဝန်ကြီးများ ကျောက်တော်မြို့နယ်၊ မဟာမုနိစစ်ဘေးရှောင်စခန်းသို့ ရောက်ရှိစဉ် မြင်ကွင်းများ။ 

DMG ၊ ဖေဖော်ဝါရီ ၁၁ 

ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များကို စစ်ကောင်စီမှ နေရပ်ပြန်ရန် ဖိအားပေးနေသော်လည်း လုံခြုံရေးအာမခံချက်မရှိသဖြင့် နေရပ်ပြန်နိုင်ရေးမှာ မဖြစ်နိုင်ကြောင်း စစ်ဘေးရှောင်များက ဆိုကြသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းက ပြည်ထောင်စုအဆင့်ရှိ စစ်ကောင်စီ ဝန်ကြီးများသည် ရခိုင်ပြည်အတွင်းရှိ စစ်တွေ၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး မြို့နယ်များသို့သွားရောက်ကာ အဆိုပါမြို့နယ်တို့မှ စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် ပြောဆိုခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ ဝန်ကြီးများသည် စစ်ဘေးရှောင်များကို  နေရပ်ပြန်ကြရန်သာပြောဆိုခဲ့ပြီး စစ်ဘေးရှောင်များ၏ နေရပ်ပြန်နိုင်ရေးအတွက် လိုအပ်ချက်များကို တစ်စုံတစ်ရာမေးမြန်းခြင်းမရှိခဲ့ကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။ 

“စစ်ဘေးရှောင်တွေလိုချင်တာက ထောက်ပံ့တာတွေမရရင်တောင် မိုင်းရှင်းတာတွေ၊ စစ်တပ်စခန်းတွေကို ပြန်ရုပ်သိမ်းတာတွေ လိုချင်တယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံရင် စစ်ဘေးရှောင်တွေက ကိုယ့်အိမ်ကို ပြန်ကြတော့မှာ။ ဘယ်သူမှ သူများနေရာမှာ မနေချင်ကြဘူးလေ။ ဝန်ကြီးတွေရောက်လာတယ်ဆိုပြီး စစ်ဘေးရှောင်တွေက ဒီလိုအပ်ချက်တွေကို ပြောပြဖို့ အားမွေးထားတာ။ ဘာတစ်ခုမှ မပြောပြလိုက်ရဘဲ နေရပ်ပြန်ကြဖို့ကိုပဲ အဓိကပြောပြီး စခန်းက ထွက်သွားကြတယ်” ဟု ကျောက်တော်မြို့နယ်၊ မဟာမုနိစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဦးသန်းထွန်းက ပြောသည်။

စစ်ကောင်စီအနေဖြင့် စစ်ဘေးရှောင်များကို လုံခြုံစွာ နေရပ်ပြန်နိုင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ယခုကဲ့သို့ နေရပ်ပြန်ရန် ပြောဆိုနေခြင်းမှာ လက်တွေ့မကျသည့်လုပ်ဆောင်ချက်ဖြစ်သည်ဟု ရခိုင်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက ရှုမြင်သည်။

“စစ်ဘေးရှောင်တွေ နေရပ်ကို လုံခြုံစွာ နေရပ်ပြန်နိုင်ရေးကို ထည့်သွင်းမစဉ်းစားဘဲ နေရပ်ပြန်ဖို့အရေးကိုပဲ ပြောဆိုနေတာဟာ လက်တွေ့မကျဘူး။ ရခိုင်မှာ အပစ်ခတ်ရပ်စဲထားတုန်း သူတို့(စစ်ကောင်စီ)ဖြစ်စေချင်တာဟာ ရခိုင်ပြည်သူလူထုက သူတို့ကိုထောက်ခံနေတယ်၊ လိုလားနေတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် အမှတ်ဝင်ယူတာ”  ဟု ၎င်းက ပြောဆိုသည်။ 

စစ်ကောင်စီ ဝန်ကြီးများဖြစ်သည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်၊ ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ရခိုင်ပြည်နယ် စစ်ကောင်စီဥက္ကဌ  ဦးထိန်လင်း တို့သည် ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်ကာ ၁၀ ရက်နေ့အထိ ရခိုင်ရှိ စစ်ဘေးရှောင်စခန်းနှင့် IDP ဒုက္ခသည်စခန်းအချို့ကို သွားရောက်ခဲ့ကြခြင်းဖြစ်သည်။ 

ရခိုင်ပြည်တွင်းက နေရပ်စွန့်ခွာစခန်းများမှ ပြည်သူများကို မူလနေရပ်များသို့ ပြန်လည် ပို့ဆောင်ပေးနိုင်ရေးအတွက် လိုအပ်ချက်များဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယာယီစခန်းများမှ ပြည်သူများအနေဖြင့် မူလနေရပ်များသို့ ပြန်လည်နေထိုင်နိုင်ရေး တိုက်တွန်းကြောင်းနှင့် မူလအခြေအနေထက် ပိုမိုကောင်းမွန်သော လူနေမှုဘဝတည်ဆောက်နိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

လက်ရှိတွင် စစ်ကောင်စီ ဝန်ကြီးများသည် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးနှင့် IDP ဒုက္ခသည်စခန်းများသို့ ကွင်းဆင်းခဲ့သည်မှာ ၎င်းတို့၏လုပ်ဆောင်ချက်များကို နိုင်ငံတကာကို ပြချင်၍ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။

“သူတို့ဘက်က ဒီစစ်ဘေးရှောင်စခန်းတွေမှာ လူတွေမရှိတော့တာကို လိုချင်တယ်။ ဆိုတော့ နေရပ်ကိုပြန်သွားလိုက်ပါ ဆိုတဲ့ပုံစံမျိုးနဲ့ စခန်းကိုပိတ်သိမ်းချင်တဲ့ပုံစံမျိုးနဲ့ လုပ်နေတာ။ အဲဒါဟာ အစိုးရတစ်ရပ်ရဲ့ လုပ်ရပ်မဟုတ်ဘူး။ သူတို့(စစ်ကောင်စီ)လက်ထက်မှာ စခန်းတွေကိုလည်း ပိတ်သိမ်းနိုင်တယ်။ တစ်ဘက်ကလည်း ပြန်လာတဲ့လူ(မွတ်ဆလင်)တွေကို လက်ခံမယ်ဆိုပြီး ကြားသိရတယ်။ ဆိုတော့ ဒါဟာ နိုင်ငံတကာကို သူတို့ပြချင်တာ၊ ငါတို့ဒီလိုလုပ်နိုင်တယ်။ စခန်းမှာရှိတဲ့လူတွေ ပြန်သွားနိုင်ပြီဆိုပြီး ပြချင်တာပေါ့။ တစ်ဘက်မှာလည်း ငါတို့ဒီလိုအလုပ်လုပ်နေပါတယ် ဆိုတာကို ပြချင်တဲ့သဘောနဲ့လုပ်နေတာ” ဟု သူက ဆိုသည်။  

ယင်းအပြင် စစ်ကောင်စီအနေဖြင့် ရခိုင်စစ်ဘေးရှောင်များ လုံခြုံစွာ နေရပ်ပြန်နိုင်ရန်အတွက် စနစ်တကျ ကြိုတင်ဆောင်ရွက်ထားခြင်းများ မရှိဘဲ နေရပ်ပြန်ကြရန် အကြိမ်ကြိမ်ပြောဆိုနေခြင်းမှာ တာဝန်မဲ့ လုပ်ရပ်သာဖြစ်သည်ဟု ဦးအောင်သောင်းရွှေက ပြောသည်။ 

ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံများထဲမှ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့အထိ ကိုးသောင်းနီးပါးရှိသေးကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။ 

အဆိုပါစစ်ဘေးရှောင်များမှာ လုံခြုံရေးအာမခံချက်မရှိခြင်း၊ ကျေးရွာအနီး မိုင်းအန္တရာယ်ကို စိုးရိမ်ခြင်းနှင့် ၎င်းတို့အတွက် လုပ်ကိုင်စားသောက်ရန် သက်မွေးဝမ်းကျောင်းလုပ်ငန်းများ မရှိတော့ခြင်းကြောင့် နေရပ်ပြန်ရန် စိုးရိမ်နေကြခြင်းဖြစ်သည်။ 

လက်ရှိမှာ ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲရပ်တန့်ထားသော်လည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂ ဦးအထိရှိကြောင်း DMG မှ ကောက်ယူထားသော စာရင်းအရ သိရသည်။

#R005 

ဗီဒီယိုများ