မောင်တောမြောက်ပိုင်းတွင် တံတားတစ်စင်း မိုင်းခွဲခံရမှု ARSA လက်ချက်ဟု ပြည်နယ်စစ်ကောင်စီဆို

မောင်တောမြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့နှင့် ကြိမ်ချောင်းကားလမ်း၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးတွင် ဧပြီလ ၆ ရက်နေ့ည ၇ နာရီအချိန်က တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး တံတားကြမ်းခင်းမှာ အနည်းငယ်ပေါက်ပြဲပျက်စီးသွားခဲ့ကြောင်း သတင်းရရှိသည်။

07 Apr 2022

ယခုရက်ပိုင်းတွင် အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့သည့် ARSA အဖွဲ့ဝင်အချို့ သွားလာနေပုံ။


DMG ၊ ဧပြီ ၇
မောင်တောမြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့နှင့် ကြိမ်ချောင်းကားလမ်း၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးတွင် ဧပြီလ ၆ ရက်နေ့ည ၇ နာရီအချိန်က တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး တံတားကြမ်းခင်းမှာ အနည်းငယ်ပေါက်ပြဲပျက်စီးသွားခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းခွဲခံရသည့်တံတားမှာ အလျား ၅၀ ပေ၊ အနံ ၁၆ ပေရှိသည့် သံကူကွန်ကရစ်အမျိုးအစားဖြစ်သော ထန်းချောင်းတံတားဖြစ်သည်။

အဆိုပါတံတားကို မိုင်းခွဲဖျက်ဆီးခြင်းမှာ ARSA အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ၏ သတင်းစာမျက်နှာတစ်ခုဖြစ်သော ရခိုင်နေ့စဉ် page က ဧပြီလ ၇ ရက်နေ့တွင် ဖော်ပြသည်။ ထိုသို့မိုင်းခွဲခံရမှုကြောင့် တံတားမှာ ၁ ပေပတ်လည်ခန့် ကြမ်းခင်းလမ်းပေါက်ပြဲပျက်စီးခဲ့ကြောင်းလည်း ရခိုင်နေ့စဉ်ကဆိုသည်။

မောင်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက တံတားမိုင်းခွဲခံရမှုကို မည်သည့်အဖွဲ့လက်ချက်ဖြစ်ကြောင်း အတည်မပြုနိုင်သေးသော်လည်း အဆိုပါနေရာအနီးတဝိုက်တွင် ARSA လှုပ်ရှားမှုရှိသည်ဟုပြောသည်။

“ဒီဟာက သူတို့(ARSA)တွေရဲ့ ဟန်ရေးပြတဲ့သဘော။ အလုပ်ပြတဲ့ သဘောပါပဲ”ဟု ဦးမောင်အုန်းကဆိုသည်။

ယင်းအပြင် ARSA အဖွဲ့အနေဖြင့် ဒေသခံများကြောက်လန့်အောင် ရှောင်တခင် ဖောက်ခွဲဖျက်ဆီးသည့်သဘောဖြစ်သည်ဟုလည်း ဦးမောင်အုန်းကသုံးသပ်သည်။

တောင်ပြိုလက်ဝဲဒေသခံတစ်ဦးဖြစ်သည့် ဦးလှတင်က “ဘယ်အဖွဲ့က ဖောက်လိုက်တယ်ဆိုတာ အတိအကျမသိဘူး။ အခုတော့ တံတားမှာ ကားတွေပုံမှန်သွားလာနေတာတွေ့ရပါတယ်။ ဒေသခံတွေသွားနေလာနေတုန်း ထပေါက်ကွဲမှာ အရမ်းပဲစိုးရိမ်မိပါတယ်”ဟု ပြောသည်။

တံတားမိုင်းခွဲခံရမှုနှင့်ပတ်သက်၍ မောင်တောမြို့မ စခန်းမှူးနှင့် တောင်ပြိုလက်ဝဲမှ ရဲအရာရှိတိုထံ ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေကြားချက်မရရှိခဲ့ပါ။ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးမှလည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ယခုနောက်ပိုင်း အွန်လိုင်းပေါ်တွင် ARSA အဖွဲ့၏ လှုပ်ရှားမှုများကို ခပ်စိတ်စိတ်တွေ့လာရသည်။ မကြာသေးမီရက်ပိုင်းကလည်း မောင်တောမြို့နယ်အတွင်းဟုယူဆရသည့် ကျေးရွာချင်းဆက်လမ်းတစ်နေရာတွင် ARSA အဖွဲ့ဝင်အချို့ လက်နက်များကိုင်ဆောင်ကာ သွားလာနေသည့်ရုပ်သံဖိုင်တစ်ခု အွန်လိုင်းပေါ်ပျံ့နှံခဲ့သေးသည်။

ဗီဒီယိုများ