စစ်မှုထမ်းကိစ္စ ဆန္ဒပြ တောင်ကုတ်ဒေသခံများကို AA က ရှင်းပြနေ

မြို့နယ် ၁၅ ခုထိ သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA)သည် ၎င်းတို့ထိန်းချုပ်နယ်မြေများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတို့တွင် တာဝန်ယူရန် အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမည့် အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်နေသည်။

By Admin 27 May 2025

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် တောင်ကုတ်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များအား တောင်ကုတ်မြို့၌ တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် တောင်ကုတ်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များအား တောင်ကုတ်မြို့၌ တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk

DMG ၊ မေ ၂၇

မြို့နယ် ၁၅ ခုထိ သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA)သည် ၎င်းတို့ထိန်းချုပ်နယ်မြေများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတို့တွင် တာဝန်ယူရန် အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမည့် အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်နေသည်။

စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်များအား ရခိုင်ပြည် ပြင်ပသို့ထွက်ခွာခွင့်ကို တားမြစ်ပြီး ဒေသခံတို့ကို အခြေခံ စစ်သင်တန်းတက်ရန် စစ်ဒေသအလိုက် ခေါ်ယူနေသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်သူများအကြားဝေဖန်မှုများ ရှိလာနေပြီး တောင်ကုတ်ဒေသခံတို့ ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့သည်။ ယင်းအထဲက ဒေသခံ ၅၀ နီးပါးကို အာရက္ခတပ်တော်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ AA ပြောခွင့်ရသူ ဦးခိုင်သုခက " တောင်ကုတ်ကိစ္စကတော့ ဒီပြဋ္ဌာန်းချက် ထွက်ပြီးတဲ့နောက်မှာ သူတို့အားလုံး ပြည့်ပြည့်စုံစုံ မသိသေးတော့ စိုးရိမ်ပြီး နားလည်မှုလွဲပြီး ဖြစ်တဲ့ကိစ္စပါ။ အခုတော့ ကျနော်တို့ဖက်ကလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက ဒီလူတွေကို အသေအချာခေါ်ယူပြီးတော့ ကောင်းကောင်းမွန်မွန် ရှင်းပြနေတာရှိပါတယ် " ဟု ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်က တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့၊ ကင်းတောင်ကျေးရွာ၊ ဆားပြင်၊ လမူး စသည့် ကျေးရွာ ၆ ရွာမှ ဒေသခံ ရာနှင့်ချီမှာ 'အာရက္ခတပ်တော်က အတင်းအကျပ် စစ်မှုထမ်းခေါ်သည်' ဟု ဆိုကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတွင် အာရက္ခတပ်တော်သည် ရခိုင်ပြည်နယ်မြေအများစုကို ထိန်းချုပ်ထားပြီး အခြားတစ်ဖက်တွင် စစ်တွေ၊ ကျောက်ဖြူမြို့များကို ထိုးစစ်ဆင်နေသည်။ ထို့အတူ ပြည်မတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းတို့တွင် တိုက်ပွဲများရှိနေသည်။

ထို့ကြောင့် ယခုအချိန်သည် လွတ်လပ်သော ရခိုင်ပြည်သစ်တည်ဆောက်ရန် ရခိုင်တစ်မျိုးသားလုံးအတွက် အရေးကြီးဆုံးအချိန်ဖြစ်နေသဖြင့် တစ်ဖက်တွင်လည်း စစ်မှုထမ်းရန် လိုအပ်ကြောင်း သုံးသပ်သူများလည်း ရှိနေသည်။

" အမျိုးသားရေးမှာ ဘာမှ မပါဝင်ချင်တဲ့သူတွေ တစ်ကိုယ်ကောင်းဆန်ချင်တဲ့ သူတွေအတွက်ကတော့ ဒီလို ဥပဒေမျိုးက လိုအပ်တယ်ပေါ့။ ပြောချင်တာက ULA/ AA အနေနဲ့ ပြည်သူတစ်ရပ်လုံးနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေမှာ တော်တော်လေးကို သတိထားပြီး ပြောရဆိုရမယ်။ ပြည်သူကို အရမ်းကျပ်တည်းအောင် လုပ်လို့လည်း မရဘူး။ ဘာလို့လည်းဆိုတော့ တော်လှန်ရေးမှာ ပြည်သူထောက်ခံမှု မရှိတော့ရင် လိုရာပန်းတိုင်ကိုရောက်ဖို့ ခက်တယ် " ဟု ရခိုင်လူငယ်တစ်ဦးက ဆိုသည်။

အာရက္ခတပ်တော်၏ အတင်းအဓမ္မစစ်မှုထမ်းခေါ်နေမှုနှင့် ပတ်သက်ပြီး 'အလို မရှိကြောင်း' ဆန့်ကျင်သည့် ကမ်ပိန်းလှုပ်ရှားမှုတစ်ခုကို ပြီးခဲ့သည့် ဧပြီလအတွင်းက မင်းပြားမြို့တွင် အမည်မသိသူများက ထုတ်ဖော်ခဲ့ကြသည်။

ထို့အတူ အခြားတစ်ဖက်တွင် ရခိုင်လူငယ်များ ပြည်ပထွက်ခွာခွင့်ကို ပိတ်ပင်လိုက်ခြင်းကြောင့် မိသားစုစားဝတ်နေရေးကျပ်တည်းသူများလည်း ပိုမိုများလာနိုင်ကြောင်း ရှုမြင်နေကြသည်။

ရခိုင်လူငယ်အမျိုးသမီးတစ်ဦးက " ရခိုင်မှာက များသောအားဖြင့် ကျပ်တည်းမှုတွေ ပိုများကြတယ်။ ပြည်ပထွက်ခွာတဲ့ လူငယ်အများစုကလည်း မိသားစု စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် အိမ်ပေါင်ယာပေါင်ပြီး နိုင်ငံခြားကို ထွက်သွားကြတာ များပါတယ်။ ဒီတော့ လက်ရှိ ရခိုင်က ထွက်ဖို့ကြိုးပမ်းဖို့ လုပ်နေတဲ့သူတွေကို တားဆီးပစ်တာက ပိုပြီးတော့ အကျပ်အတည်းတွေ ဖြစ်လာနိုင်တယ် " ဟု ပြောသည်။

ထိုသို့ ရခိုင်ပြည်တွင်း ဂယက်ရိုက်နေသည့် စစ်မှုထမ်းဉပဒေပြဋ္ဌာန်းချက်နှင့် ပတ်သက်ပြီး ရခိုင်တစ်ပြည်လုံး စစ်မှုထမ်းအကျုံးဝင်သူများအား သတ်မှတ်ထားသည့် အရေအတွက်ကို အပတ်စဉ်ခွဲပြီး သေချာစိစစ်ပြီးမှ ခေါ်ယူသွားမည်ဖြစ်ကြောင်း ဦးခိုင်သုခက ရှင်းပြထားသည်။

ယင်းအပြင် သင်တန်းကာလ ၂ လဖြစ်ပြီး သင်တန်းပြီးမြောက်ပါက ဆက်လက်တာဝန်ထမ်းဆောင်ရန် သင့်တော်မည့် တာဝန်များကို အပ်နှင်းသွားမည်ဖြစ်ကြောင်း ဆိုသည်။

စစ်မှုထမ်းသက်တမ်း၂ နှစ်သတ်မှတ်ကာ မိမိဆန္ဒအရ ထပ်မံ တာဝန်ထမ်းဆောင်လိုသူများကို အရည်အချင်းအလိုက် တာဝန်များပေးအပ်သွားမည်ဟု ဦးခိုင်သုခက ပြောဆိုထားသည်။