တကျော့ပြန် ရခိုင်စစ်ရေးပဋိပက္ခ သုံးလအတွင်း နေအိမ် ၂၃ ဆောင် မီးလောင်ပျက်စီး

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ် တော်(AA) တို့အကြား သြဂုတ်လမှ စတင်ကာ တကျော့ ပြန်တိုက်ပွဲ ပြင်းထန်လာပြီး ယခု နိုဝင်ဘာလ (၂၃) ရက်နေ့အထိ စစ်ရေးပဋိပက္ခအတွင်း လက်နက်ကြီးကျရောက်မှု၊ မီးရှို့ခံရမှုတို့ ကြောင့် နေအိမ် ၂၃ ဆောင် ပျက်စီးဆုံးရှုံးသွားခဲ့သည်။

By Admin 23 Nov 2022

တကျော့ပြန် ရခိုင်စစ်ရေးပဋိပက္ခ သုံးလအတွင်း နေအိမ် ၂၃ ဆောင် မီးလောင်ပျက်စီး

နိုဝင်ဘာလ ၁၀ ရက်နေ့က ဆင်အင်းကြီးကျေးရွာမှ မီးရှို့ခံလိုက်ရသည့် နေအိမ်များကို တွေ့ရစဉ်။

DMG ၊ နိုဝင်ဘာ ၂၃

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ် တော်(AA) တို့အကြား သြဂုတ်လမှ စတင်ကာ တကျော့ ပြန်တိုက်ပွဲ ပြင်းထန်လာပြီး ယခု နိုဝင်ဘာလ (၂၃) ရက်နေ့အထိ စစ်ရေးပဋိပက္ခအတွင်း လက်နက်ကြီးကျရောက်မှု၊ မီးရှို့ခံရမှုတို့ ကြောင့် နေအိမ် ၂၃ ဆောင် ပျက်စီးဆုံးရှုံးသွားခဲ့သည်။

DMG က ကောက်ယူထားသည့် စာရင်းများအရ မောင်တောမြို့နယ်တွင် နေအိမ် ၁၁ ဆောင်၊ ဘူးသီး တောင်မြို့နယ်တွင် နေအိမ်(၃)ဆောင်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် (၈)ဆောင်နှင့် ကျောက်တော်မြို့နယ်မှ နေအိမ် (၁)ဆောင် စုစုပေါင်း (၂၃) ဆောင်တို့ ဖြစ်ကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်းရှိ ဝက်ကျိန်းရွာသစ် (မြို) ရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် မြန်မာစစ်တပ်ကို ရက္ခိုင့်တပ်တော်(AA) က ဝင်ရောက်တိုက်ခိုက်မှုကြောင့် ၅ နာရီအကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ နေအိမ်များမီးလောင်နေသည်ကို မြင်တွေ့ရကြောင်း ဒေသခံတစ်ဦးက DMG သို့ ပြောသည်။

တိုက်ပွဲဖြစ်ပြီး နောက်တစ်ရက်အကြာ ဒေသခံများနေအိမ်သို့ပြန်လာသည့်အခါ နေအိမ် ၇ အိမ်မီးလောင်ပြာကျနေသည်ကို မြင်ခဲ့ရပြီး  လက်ရှိတွင် ဒေသခံများမှာ ခုံတိုင်ရွာနှင့်မြဝတီရွာများသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဝက်ကျိန်းကျေးရွာသားတစ်ဦးက ပြောသည်။

“ အိမ်တွေ မီးလောင်တယ်ကြားလို့ ရွာကိုသွားကြည့်တာပါ။ အစကတော့ နှစ်ဆောင်သုံး ဆောင်လောက်ပဲ ထင်တာ။ သွားကြည့်တော့ ၇ ဆောင်လုံး ပြာကျသွားတယ် ” ဟု ဝက်ကျိန်ကျေးရွာသားတစ်ဦးက ပြောသည်။

ထိုသို့ မီးလောင်ပြာကျခဲ့သည့်နေအိမ်များမှာ ဒေါ်ကန်ကုတ်၊ ဦးအာဒွန်း၊ ဦးရွီးစောင့်၊ ဦးမင်ပေါင်၊ ဦးမောင်ဝိုင်း၊ ဦးပန်းပျော်၊ ဦးထွီးလိုင်နေအိမ်တို့ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အောက်တိုဘာလ ၁၀ ရက်နေ့က မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာမှ ကိုဇော်ငြိမ်းဦး ဆိုသူ၏နေအိမ်နှင့် အခြားနေအိမ်တစ်လုံးမှာ မီးရှို့ခံရမှုကြောင့် ပြာကျသွားခဲ့ကြောင့်းသိရသည်။

အဆိုပါ ဖားဝပ်ချောင်းမှ နေအိမ်များမီးရှို့ခံရမှုမှာ AA တပ်ဖွဲ့ဝင်များလက်ချက်ဟု မြန်မာစစ်တပ်က သတင်း ထုတ်ပြန်ခဲ့သော်လည်း AA ဘက်ကတော့ သူတို့လက်ချက်မဟုတ်ဘဲ မြန်မာစစ်တပ်ကလုပ်ဆောင်ခဲ့ခြင်းဟု DMG ကို ပြောဆိုသည်။

ထို့အတူ နိုဝင်ဘာလ ၁၀ ရက်နေ့က မောင်တော ရန်အောင်ပြင်ကျေးရွာတွင် လက်နက်ကြီးကျည် ကျ ရောက်မှုကြောင့် နေအိမ်  (၂)လုံး မီးလောင်ပျက်စီးခဲ့သည်။

“ အဲဒီနေ့က လက်နက်ကြီးကျလို့ နေအိမ်နှစ်ဆောင် မီးလောင်ပြာကျသွားတယ်။ အခု မီးလောင်ပျက်စီးသွားတဲ့ နေအိမ်က မိသားစုဝင်တွေဟာ ကျေးရွာအတွင်းက ဆွေမျိုးသားချင်းတွေရဲ့ နေအိမ်တွေမှာ နေကြရတယ် ” ဟု ရန်အောင်ပြင် ကျေးရွာသားတစ်ဦးကပြောသည်။

သြဂုတ်လ ၃၀ ရက်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာမှ ဘုန်းကြီးကျောင်းထဲရှိ ပရဟိတစာသင်ကျောင်း၊ လူနေအဆောင်နှင့် ထမင်းစားဆောင်တို့ မီးရှို့ခံရပြီး ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့်စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာတွင် နေအိမ် ၃ ဆောင် မီးရှို့ခံခဲ့ရကြောင်း ကျေးရွာသားများကပြောသည်။

“ အဲဒီနေ့က ကျနော်ရွာမှာ အိမ်သုံးဆောင် မီးရှို့ခံလိုက်ရတယ်။ ကျနော့်နေအိမ်လည်း ပါသွားတယ်။  အခုက စစ်ဘေးရှောင်စခန်းတွေမှာ ဖြစ်သလိုနေရတယ်။ အခက်အခဲတွေရှိတာပေါ့” ဟု သပိတ်တောင်သား နေအိမ် မီးရှို့ခံခဲ့ရသူတစ်ဦးက ပြောသည်။

ထို့အပြင် နိုဝင်ဘာလ ၁၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာသို့ ညနေ (၆)နာရီခန့်တွင် မြန်မာစစ်ကြောင်းက ဝင်ရောက်လာပြီးနောက် နေအိမ် ၈ ဆောင် မီးရှို့ခံခဲ့ရကြောင်း ကျေးရွာသားများက ပြောသည်။

နေအိမ်မီးရှို့ခံလိုက်ရသည့် ဆင်အင်းကြီးကျေးရွာသားတစ်ဦးက “ ကျနော်တို့ရွာကို အဲဒီနေ့က သူတို့ (မြန်မာစစ်တပ်)တွေ ဝင်လာပြီးတော့ နေအိမ်တွေကို မီးရှို့တယ်။ ကျနော့်မှာဆိုရင် အိမ်မှာရှိတဲ့ လယ်ထွန်စက်တွေ၊ ဘေးတွဲဆိုင်ကယ်တွေကအစ အကုန်လုံးပါသွားတယ်။ ကာလတန်ဖိုးဆိုရင် သိန်း ၂၀၀ ဖိုးလောက် ပါသွားတယ်။ အခုက ဆွေမျိုးတွေဆီမှာ နေနေရတယ်။ ရွာကိုပြန်ရင်လည်း ဘယ်မှာနေရမှန်း မသိတော့ဘူး။ ကိုယ့်ပစ္စည်းကိုတော့ ကိုယ့်ပြန်လိုချင်တာပေါ့ ” ဟု ပြောသည်။

ယင်းအပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ ခေါင်းတုတ်(ရခိုင်)ကျေးရွာမှ ဦးမောင်ငြိမ်းဆိုသူ၏ နေအိမ်မီးရှိုခံခဲ့ရကြောင်း အဆိုပါရွာသားများကပြောသည်။

ထိုသို့ ရခိုင်မှ နေအိမ်အချို့ကို စစ်ကောင်စီက မီးရှို့ဖျက်စီးခဲ့သည်ဆိုသည့် ကျေးရွာသားများ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ယင်းအပြင် မြန်မာစစ်တပ်က လက်နက်ကြီးကျရောက်မှုကြောင့် မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့နယ် တို့တွင်လည်း နေအိမ်များ ပျက်စီးမှုများရှိနေသည်။

ဗီဒီယိုများ