တောင်ကုတ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာသူများကို အရေးယူတော့မည်

တောင်ကုတ်မြို့တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း မလိုက်နာသူများကို လာမည့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှစပြီး အရေးယူသွားများဟု တောင်ကုတ်မြို့ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။

05 Feb 2022

တောင်ကုတ်မြို့နယ်တွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများကို ပညာပေးနေသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ - Mahar New)

DMG ၊ ဖေဖော်ဝါရီ ၅

တောင်ကုတ်မြို့တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း မလိုက်နာသူများကို လာမည့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှစပြီး အရေးယူသွားများဟု တောင်ကုတ်မြို့ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ပြည်သူများကို အသိပညာပေးမှုများ ဆောင်ရွက်နေကြောင်း တောင်ကုတ်မြို့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ရဲအုပ်ခင်မောင်ဆန်းမှ DMG သို့ ပြောသည်။

“ကျွန်တော်တို့က ဆိုင်ကယ်စီးတိုင်း ဦးထုပ်ဆောင်းဖို့ကိစ္စကို အရင်လုပ်နေပါတယ်။ မြို့ထဲမှာ လော်စပီကာနဲ့ လေးရက်လောက်ကြေညာပြီးပါပြီ။ နေ့ဘက်တွေမှာ ဆိုင်ကယ်စီးဦးထုပ်မပါတဲ့ သူတွေကို ဦးထုပ်ကိုပြန်ယူပြီး ဆိုင်ကယ်ကို ပြန်လာရွေးခိုင်းတယ်။ ဒီကြားထဲမှာ ဦးထုပ်မဆောင်းလို့ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ဟောပြောတာတွေ လုပ်နေပါတယ်။ ” ဟု သူကဆိုသည်။

မြို့ပြလူဦးရေ ထူထပ်လာသည်နှင့်အမျှ တောင်ကုတ်မြို့တွင် ယာဉ်မတော်တဆမှုများ နေ့စဉ်ရက်ဆက် ဖြစ်ပွားလာခြင်းကြောင့် ယခုကဲ့သို့ ဆောင်ရွက်လာရခြင်းဖြစ်ကြောင်း ရဲအုပ်ခင်မောင်ဆန်းက ပြောသည်။

“ကျွန်တော်တို့ကတော့ လူတိုင်းကို ဦးထုပ်ဆောင်းစေချင်တဲ့အတွက် အခုလို လုပ်ဆောင်ရတာပါ။ ဦးထုပ်မပါချိန်မှာ လမ်းတွေကလည်း ကွန်ကရစ်လမ်းတွေဖြစ်နေတော့ ယာဉ်မတော်တဆမှုဖြစ်ရင် အသက်ဆုံးရှုံးတာတွေ ဖြစ်လာနေတဲ့အတွက် ဒီလို မဖြစ်ဖို့ရည်ရွယ်တာပါ ” ဟု သူကရှင်းပြသည်။

တောင်ကုတ်မြို့မှ ဆိုင်ကယ်စီးနင်းသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ်မဆောင်းပါက ၂၀၂၁ မော်တော်ယာဉ် ဥပဒေပုဒ်မ ၇၆ (ဂ) အရ ငွေကျပ် ၃၀၀၀၀ ထက်မပိုသော ဒဏ်ငွေကို ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ လုပ်ဆောင်နေသည့်လုပ်ရပ်များမှာ ပြည်သူများအတွက် အကျိုးဖြစ်စေသည့်အတွက် ကောင်းမွန်သည့် လက္ခာ တစ်ရပ်ဖြစ်ကြောင်းနှင့် ပြည်သူလူထုအနေဖြင့် လိုက်နာရန် လိုအပ်ကြောင်း တောင်ကုတ်မြို့ဒေသခံ ကိုဇော်ဇော်က ပြောသည်။

“အခုနောက်ပိုင်းမြို့ထဲမှာ ယာဉ်မတော်တဆမှုတွေ တော်တော်ဖြစ်လာနေတယ်။ ဒီကြားထဲ ဦးထုပ်မဆောင်းလို့ ပွဲချင်းပြီး အသက်ဆုံးပါးသွားရတဲ့ သူတွေလည်းပါတယ်။ ဒီတော့ အခုလိုမျိုး အသိပညာပေးပြီး စည်းကမ်းတင်းကြပ်တာမျိုးက ကောင်းမွန်တဲ့ လုပ်ရပ်ပါပဲ။ ပြည်သူတွေအနေနဲ့လည်း လိုက်နာဖို့ လိုအပ်ပါတယ် ” ဟု သူကဆိုသည်။

ရခိုင်ပြည်တွင် ယခင်ကတည်းက ခရိုင်အလိုက်၊ မြို့နယ်အလိုက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးကော်မတီများရှိခဲ့ပြီး လက်ရှိတွင်လည်း အသစ်ပြန်လည်ဖွဲ့စည်းထားကြောင်းနှင့် ယခင်က ကိုဗစ်ကြောင့် ပြည်သူများအခက်တွေ့နေချိန်တွင် စည်းကမ်းများကို တင်းကြပ်ခြင်းမပြုခဲ့သော်လည်း လက်ရှိတွင် ပြန်လည် တင်ကြပ်လာခြင်းဖြစ်ကြောင်း အမှတ် (၅) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရခိုင်) မှ ဒုတပ်ခွဲမှူး မြတ်မိုးကျော်သူက ဆိုသည်။

“ဒီအဖွဲ့အစည်းကို လူအသစ်တွေနဲ့ပြန်ဖွဲ့လိုက်လို့ အရေးယူတာတွေ လုပ်တာတော့မဟုတ်ဘူး။ အရင် ကတည်းက လုပ်ငန်းစဉ်တွေရှိပြီသား ကိုဗစ်ကြောင့် ခဏရပ်ထားရတာ။ ပုံမှန်အခြေနေရောက်ရင်တော့ ပညာပေးတာတွေ အရေးယူတာတွေကို ပြန်လုပ်သွားမှာပါ ” ဟု သူကရှင်းပြသည်။

ရခိုင်ပြည်တွင် ယာဉ်မတော်တဆမှုများကြောင့် သုံးရက်လျှင် တစ်ဦးနှုန်းဖြင့် သေဆုံးလျှက်ရှိခဲ့ပြီး အများစုမှာ ဆိုင်ကယ်စီးနင်းစဉ် ဦးထုပ်မဆောင်းခြင်းကြောင့် သေဆုံးကြရခြင်းဖြစ်ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

ဗီဒီယိုများ