ရန်ကုန်-စစ်တွေ ကားလမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များကို အချိန်ပြည့်ဖြတ်သန်းခွင့်ပြုရန်လိုလား

ရန်ကုန်-စစ်တွေကားလမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များကို ညနေ ၆ နာရီနောက်ပိုင်း သွားလာခွင့် မပြုသောကြောင့် ယာဉ်မောင်းများနှင့် ကုန်သည်များမှာ အခက်ကြုံတွေ့ရကာ အချိန်ပြည့် လွတ်လပ်စွာသွားလာခွင့်ရရန် လိုလားနေကြသည်။

29 Apr 2022

DMG ၊ ဧပြီ ၃၀

ရန်ကုန်-စစ်တွေကားလမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များကို ညနေ ၆ နာရီနောက်ပိုင်း သွားလာခွင့် မပြုသောကြောင့် ယာဉ်မောင်းများနှင့် ကုန်သည်များမှာ အခက်ကြုံတွေ့ရကာ အချိန်ပြည့် လွတ်လပ်စွာသွားလာခွင့်ရရန် လိုလားနေကြသည်။

ထိုသို့သွားလာခွင့်ကန့်သတ်ထားသည့်အတွက် စစ်တွေမှ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားသို့ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ၊ စစ်တွေ-ရန်ကုန်-မန္တလေးသို့ပြေးဆွဲနေသည့် အဝေးပြေးယာဉ်များအတွက် အချိန်ကြန့်ကြာမှုများရှိသည်ဟု ယာဉ်မောင်းများကပြောဆိုသည်။

ကားလမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များကို အချိန်အကန့်အသတ်ဖြင့်သာ ဖြတ်သန်းခွင့်ပြုခြင်းမှာ လုပ်ငန်းများအတွက်ထိခိုက်မှုရှိကြောင်း စစ်တွေမှ ရန်ကုန်သို့ ဂဏန်း၊ပုဇွန်များသယ်ယူပို့ဆောင်နေသည့် ကေသီဦးကားဂိတ်တာဝန်ခံ ကိုအောင်မြင့်ကပြောသည်။

“လုပ်ငန်းမှာက အပိတ်အဆို့မရှိရင် ပိုအဆင်ပြေတယ်။ ပိတ်ဆို့တာတွေများရင် စီးပွားရေးအရ အကျိုးက ဆုတ်ယုတ်တာပေါ့။ အချိန်ကြာရင်ကြာသလောက်ခံရပြီး နစ်နာတယ်။ လမ်းက တောက်လျှောက်ပွင့်နေတယ် ဆိုလို့ရှိရင် အားလုံးအတွက်ကောင်းတာပေါ့”ဟု သူကပြောသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်းကနေ ရန်ကုန်-စစ်တွေကားလမ်းတစ်လျှောက်ရှိဂိတ်များကို ညနေ ၆ နာရီနောက်ပိုင်း သွားလာခွင့်မပြုဘဲ ကန့်သတ်ထားသည်။

ယင်းသို့အချိန်ကန့်သတ်ထားသည့်အတွက် ခရီးသွားလာနေချိန် ဂိတ်ပိတ်သွား၍ ကြုံသည့်နေရာတွင် အိပ်ရခြင်းများရှိကာ အချိန်ကြန့်ကြာမှုများနှင့်အတူ များစွာအခက်အခဲဖြစ်ရကြောင်း စစ်တွေ-ကျောက်တော် ပြေးဆွဲနေသည့် ယာဉ်မောင်းကိုသန်းဌေးက DMG ကိုပြောသည်။

“တစ်ခါတလေကျရင် သွားနေရင်းနဲ့ ကားဘီးပေါက်တာတွေရှိတယ်။ ကားပျက်လို့ လုပ်နေရတာတွေရှိလို့ ၆ နာရီကျော်သွားတာတွေရှိတယ်။ ညနေ ၆ နာရီမတိုင်မီ ဂိတ်ကိုမဖြတ်လိုက်ရရင် ကြုံတဲ့နေရာမှာ အိပ်လိုက်ရတာတွေရှိတယ်”ဟု သူကဆိုသည်။

လက်ရှိတွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ဂိတ်များကို အချိန်တိုးပြီး ဖွင့်ပေးထားသင့်ကြောင်းနှင့် အချိန်အကန့်သတ်ဖြင့်ဂိတ်ပိတ်ခြင်းမှာ ခရီးသည်များနှင့် ယာဉ်မောင်းများအတွက် များစွာအခက်အခဲကြုံရကြောင်း စစ်တွေ-မြောက်ဦးပြေးဆွဲနေသည့် ယာဉ်မောင်း ကိုမောင်သန်းမြင့်ကဆိုသည်။

“တစ်ခါတလေဆိုရင် စစ်တွေမှာ ဆေးခန်းပြပြီးပြန်လာတဲ့ လူနာတွေပါတယ်။ ဂိတ်ပိတ်ထားတဲ့အချိန်နဲ့ ကွက်တိကျရင် လူနာတွေကိုအဆင်ပြေအောင် နီးစပ်ရာတည်းခိုခန်းတွေမှာ စီစဉ်ရတယ်။ လူနာတွေမှာက ဆေးခန်းပြပြီးလာတာဖြစ်လို့ ပိုက်ဆံမပါတာတွေရှိတယ်။ ကိုယ်တို့ကပဲအနစ်နာခံပြီး စီစဉ်ပေးရတာတွေရှိတယ်”ဟု ၎င်းကပြောသည်။

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့်အချိန်က သွားလာခွင့်ကန့်သတ်ခဲ့သည့်ဂိတ်များကို လက်ရှိတိုက်ပွဲမရှိဘဲ တည်ငြိမ်နေသဖြင့် လွတ်လပ်စွာသွားလာခွင့်ပြုပေးသင့်ကြောင်း မြောက်ဦးမြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးထွန်းသာစိန်ကပြောသည်။

“အခုက တိုက်ပွဲကာလလည်း မဟုတ်တော့ဘူး။ တိုက်ပွဲကာလဆိုရင်တော့ လုံခြုံရေးအရတင်းကျပ်တာတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အခုကတိုက်ပွဲလည်းမရှိဘဲ လုံခြုံရေးကို တင်းကျပ်ထားတာကတော့ ခရီးသွားပြည်သူတွေရဲ့ ခရီးသွားလာမှုကို နှောင့်နှေးစေတယ်။ နောက်ပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတဲ့အတွက် သူတို့ရဲ့လုပ်ငန်းဆောင်တာတချို့ကိုလည်း အနှောင့်အယှက်ဖြစ်နိုင်တယ်”ဟု ပြောသည်။

ရန်ကုန်-စစ်တွေကားလမ်းတစ်လျှောက်ရှိဂိတ်များကို လက်ရှိအချိန်ထိ ညနေ ၆ နာရီနောက်ပိုင်း သွားလာခွင့် ပိတ်ထားသည့်ကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းတို့ကိုDMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

ထို့အပြင် အမ်းစစ်ဆေးရေးဂိတ်တွင်လည်း အချို့ကုန်ပစ္စည်းများကို နယ်လုံဝန်ကြီးလက်မှတ်ပါမှ တင်ဆောင်ဖြတ်သန်းခွင့်ရသဖြင့် အချိန်ကြန့်ကြာမှုများရှိနေကာ စီးပွားရေးအရ ထိခိုက်မှုများလည်းရှိနေကြောင်း အဝေးပြေးယာဉ်လိုင်းပြေးဆွဲနေသူများက ပြောဆိုကြသည်။

ဗီဒီယိုများ