ရခိုင်တွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်နေသည့်အတွက် ထင်း၊မီးသွေး ရောင်းအားကောင်းနေ

ရခိုင်ပြည်တွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာ မကြာခဏ ပြတ်တောက်နေသည့်အတွက် ထင်းနှင့်မီးသွေးများ ရောင်းအားပို၍ကောင်းလာနေသည်ဟု ထင်း၊မီးသွေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

By Admin 17 Dec 2022

ရခိုင်တွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်နေသည့်အတွက် ထင်း၊မီးသွေး ရောင်းအားကောင်းနေ

ရခိုင်တွင် ရောင်းချနေကြသည့် ထင်း၊မီးသွေးများအား တွေ့ရစဉ်

DMG | ဒီဇင်ဘာ ၁၇

ရခိုင်ပြည်တွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာ မကြာခဏ ပြတ်တောက်နေသည့်အတွက် ထင်းနှင့်မီးသွေးများ ရောင်းအားပို၍ကောင်းလာနေသည်ဟု ထင်း၊မီးသွေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ယခင်က လျှပ်စစ်မီးမရရှိသေးသည့် နေအိမ်များမှ ထင်းနှင့်မီးသွေးကို အများဆုံးဝယ်ယူအသုံးပြုကြသော်လည်း လက်ရှိတွင် မြို့ပေါ်ရပ်ကွက်များကပါ ဝယ်ယူသုံးစွဲခြင်းများ ရှိလာနေသည့်အတွက် ရောင်းအားကောင်းလာနေခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်များက ဆိုကြသည်။

လျှပ်စစ်မီး မကြာခဏပြတ်တောက်မှုများ ရှိလာပြီးနောက်ပိုင်းတွင် ထင်း၊မီးသွေးရောင်းအားမှာ နှစ်ဆခန့်အထိ ရောင်းအားမြင့်တက်လာသည်ဟု စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှ မီးသွေးအရောင်းဆိုင်ပိုင်ရှင် ဒေါ်ဝိုင်းချေက ပြောသည်။

“အခုက ရောင်းရပါတယ်။ မီးခဏခဏ ပြတ်နေတော့ မီးသွေးထွက်နှုန်းကောင်းတယ်။ ပုံမှန်ဆိုရင်တော့ (တစ်ရက်ကို) ဆယ်အိတ်လောက်ပဲ ထွက်ပါတယ်။ အခုက လျှပ်စစ်မီး အခက်အခဲတွေနဲ့ဆိုတော့ အိတ်သုံးဆယ်လောက် ထွက်ပါတယ်။ အဲလောက်တော့ ခန့်မှန်းလို့ရပါတယ်” ဟု ဒေါ်ဝိုင်းချေက ပြောသည်။

စစ်တွေမြို့တွင် မီးသွေးတစ်အိတ်ကို ယခင်က ၇၀၀၀ ခန့်ရှိခဲ့သော်လည်း လက်ရှိတွင် ၉၀၀၀ ခန့်အထိ မြင့်တက်သွားသလို ခွဲသားငါးချောင်းပါ ထင်းတစ်စည်းကို ယခင် ၅၀၀ ကျပ်ရှိခဲ့ရာမှ ယခုအခါ ၁၀၀၀ ကျပ်အထိ ရှိလာနေသည်ဟုလည်း ထင်းနှင့်မီးသွေးအရောင်းဆိုင်များထံမှ သိရသည်။

လက်ရှိတွင် လျှပ်စစ်မီး မကြာခဏပြတ်တောက်နေခြင်းကြောင့် ထင်းနှင့်မီးသွေးများအား အသုံးပြုနေရသည့်အတွက် မလိုလားအပ်သည့် ငွေကြေးကုန်ကျမှုများ များပြားလာနေသဖြင့် နစ်နာမှုများရှိလာနေသည်ဟု စစ်တွေမြို့မှ မျိုးသစ်ထမင်းဆိုင်ပိုင်ရှင် ဒေါ်ခင်စောနွယ်က ပြောသည်။

“မီးသွေးသုံးရတာက အခု ပိုများတယ်။ ပိုများတယ်ဆိုတာက မီးက ပုံမှန်မလာဘူးလေ။ မီးသွေးတစ်အိတ်ဆိုလို့ ရှိရင် သုံးရက်လောက်ပဲ သုံးရတယ်။ အရင်တုန်းကဆိုလို့ရှိရင် မီးသွေးက သိပ်မလိုဘူး။ အခုက တစ်ရက်ကိုမှ ငါးနာရီပဲ မီးလာတယ်။ အဲဒါကြောင့် မီးသွေးခ ပိုကုန်တယ်” ဟု သူက ပြောသည်။

ယင်းအပြင် ထင်း၊မီးသွေး အသုံးပြုလာခြင်းများလာသည့်အတွက် ထင်းရှားပါးမှုအခက်အခဲဖြင့် ကြုံတွေ့နေရသည်ဟုလည်း အမ်းမြို့နယ်၊ သပြုချိုင်ကျွန်းတွင်ရှိသည့် လင်ပန်းကျကျေးရွာမှ ထင်းမီးသွေးလုပ်ငန်းလုပ်ကိုင်သူ ဦးခင်မောင်သန်းက DMG သို့ ပြောသည်။

“ထင်း၊ မီးသွေး ‌ရောင်းအားကောင်းလာတာတွေက ဒီရက်ပိုင်းများပါတယ်။ မီးပျက်တာတွေ များသွားလို့ရှိရင် မီးသွေးရောင်းရတာတွေက အရောင်းသွက်ပါတယ်။ဒါပေမယ့် ထင်းတွေက သိပ်မရတော့ဘူး။ ဘာလို့လဲဆိုရင် ထင်းတွေကလည်း အရမ်းရှားလာတယ်။ ဒါကြောင့် မီးသွေးတွေက အချိန်မီ မဖုတ်နိုင်တော့ဘူး။ ထင်းခုတ်ရတာတွေက အခက်အခဲတွေရှိပါတယ်။ ထင်းတွေတွေကလည်း အရမ်းကို ရှားလာပါတယ်” ဟု သူက ဆိုသည်။

တစ်ဖက်တွင် လျှပ်စစ်မီးပြတ်တောက်နေမှုများကြောင့် ထင်း၊ မီးသွေးစသည့် လောင်စာများအား အသုံးပြုခြင်း များပြားလာသည့်အတွက် သစ်တောပြုန်းတီးမှုများဖြစ်လာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်နေသူများက ထောက်ပြပြောဆိုကြသည်။

လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေခြင်းကြောင့် ထင်း၊ မီးသွေးထုတ်လုပ်မှုမှာလည်း ပိုများလာသည့်အတွက် သစ်တောပြုန်းတီးမှုများလည်းဖြစ်ပေါ်လာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်နေသည့် အမ်းမြို့နယ်မှ ကိုမျိုးလွင်က ပြောသည်။

“အဓိက မီးသွေးထုတ်လုပ်နေတဲ့ ဆင်းရဲနွမ်းပါးလို့ ဝင်ငွေရှာတဲ့ မီးသွေးထုတ်လုပ်တဲ့လူတွေကနေပြီးတော့ မီးသွေးထုတ်လုပ်မှုတွေကို အရှိန်မြင့်လာကြတယ်ပေါ့။ အောင်မြင်လာကြတယ်။ ဝင်ငွေတွေလည်း ရလာကြတယ်။ အခုလက်ရှိအနေအထားအရ ရခိုင်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေက တအားရှားတယ်ပေါ့။ အဲဒါကြောင့် မီးသွေးထုတ်လုပ်မှုတွေက အောင်မြင်လာကြတယ်။ အဲဒီအပေါ်မှာ သဘာဝ သယံဇာတတွေ ဆုံးရှုံးသွားနိုင်တယ်။ သစ်တောတွေ ပြုန်းတီးလာတယ်။ အရွယ်ရောက်တဲ့ သစ်ပင်တွေက မရှိသလောက် ဖြစ်သွားပြီ” ဟု သူက ပြောသည်။

ယင်းအပြင် သစ်တောပြုန်းတီးမှုများလာခြင်းသည် အနာဂတ်အတွက် စိုးရိမ်ရသည့်အနေအထားတွင် ရှိလာနေသလို သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လျှင်လည်း အကာအကွယ်အတားအဆီးမရှိခြင်းကြောင့် ပြည်သူအတွက်လည်း စိုးရိမ်ရသည်ဟု ကိုမျိုးလွင်က ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း လျှပ်စစ်မီးပြတ်တောက်မှုများ မကြာခဏ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ရခိုင်ပြည်တွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းမှစတင်ကာ တစ်နေ့လျှင် နှစ်ကြိမ်ထက်မနည်း လျှပ်စစ်မီး ပြတ်တောက်နေခြင်းဖြစ်ပြီး တစ်ကြိမ်ပြတ်တောက်လျှင် အနည်းဆုံး ၄ နာရီအထိ ကြာမြင့်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဗီဒီယိုများ