ရခိုင်တွင် ဆင်ခြေထောက်ရောဂါဖြစ်ပွားမှု ဆက်လက်တွေ့ရှိနေရဆဲ

ရခိုင်တွင် ဆင်ခြေထောက်ရောဂါ ဖြစ်ပွားမှုနှုန်းသည် တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာသော်လည်း စစ်တွေခရိုင်နှင့် မြောက်ဦးခရိုင်တွင် ရောဂါကူးစက်ပြန့်ပွားမှုများကို တွေ့ရှိနေရသေးသည်။ 

By Admin 16 Feb 2023

 မြောက်ဦးမြို့နယ်မှ ဆင်ခြေထောက်ရောဂါကာကွယ်ဆေး အခမဲ့ဖြန့်ဝေမှုမြင်ကွင်းတစ်ခု။ ဓာတ်ပုံ - Facebook 
မြောက်ဦးမြို့နယ်မှ ဆင်ခြေထောက်ရောဂါကာကွယ်ဆေး အခမဲ့ဖြန့်ဝေမှုမြင်ကွင်းတစ်ခု။ ဓာတ်ပုံ - Facebook 

DMG ၊ ဖေဖော်ဝါရီ ၁၆          

ရခိုင်ပြည်အတွင်း ဆင်ခြေထောက်ရောဂါဖြစ်ပွားမှု ဆက်လက်တွေ့ရှိနေရဆဲ ဖြစ်သည့်အတွက် အခမဲ့ဖြန့်ဝေနေသည့် ကာကွယ်ဆေးများကို မပျက်မကွက်သောက်ကြရန် ပြည်နယ်ကျန်းမာရေးဌာနမှ တိုက်တွန်းထားသည်။

ရခိုင်တွင် ဆင်ခြေထောက်ရောဂါ ဖြစ်ပွားမှုနှုန်းသည် တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာသော်လည်း စစ်တွေခရိုင်နှင့် မြောက်ဦးခရိုင်တွင် ရောဂါကူးစက်ပြန့်ပွားမှုများကို တွေ့ရှိနေရသေးသည်။ 

ထို့ကြောင့် ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစပြီး စစ်တွေခရိုင်နှင့် မြောက်ဦးခရိုင်အတွင်းမှ မြို့နယ်အားလုံးတွင် ကျန်းမာရေးဝန်ထမ်းများက ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးများကို အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေကာ ကျန်းမာရေးအသိပညာပေးမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 

“အခုလို ကျန်းမာရေးဝန်ထမ်းတွေက အခမဲ့ ဆေးတွေလိုက်တိုက်တဲ့အချိန်မှာ အားလုံးကို သောက်စေချင်တာပေါ့။ ခြင်က လူတိုင်း အကိုက်ခံရတာဖြစ်တဲ့အတွက် ရောဂါပိုးက လူတိုင်းမှာဝင်နေနိုင်တယ်။ တကယ်လို့ ရောဂါပိုးက ခန္ဓာကိုယ်ထဲမှာရှိရင် ဒီဆေးသောက်လိုက်ရင် ရှင်းသွားမယ်။ ဒီဆင်ခြေထောက်ရောဂါက နာတာရှည်ရောဂါအထိ ဖြစ်နိုင်တာကြောင့် ဂရုစိုက်သင့်တယ်” ဟု ဒုတိယပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာဇော်ဇော်အောင်က ပြောသည်။

အသက် ၂ နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ သွေးတိုး၊ ဆီးချိုကဲ့သို့ နာတာရှည်ရောဂါရှိသူများ၊ ရောဂါတစ်ခုခုကို ဆိုးဝါးစွာ ခံစားနေရသူများနှင့် ၆ လအောက် နို့တိုက်မိခင်များမှာ ကာကွယ်ဆေး သောက်သုံးရန် မသင့်ကြောင်း ကျန်းမာရေးဌာနမှ ညွှန်ကြားထားသည်။ 

ဆင်ခြေ‌ထောက်ရောဂါသည် သာမန်မျက်စိဖြင့် မမြင်နိုင်သည့် သွေးကြောထဲတွင်နေထိုင်သော သန်ကောင် အမျိုးအစားရောဂါပိုးတစ်မျိုးကြောင့် ဖြစ်ပွားပြီး နေအိမ်များတွင်တွေ့ရလေ့ရှိသည့် အညိုရောင်ရှိသောခြင်များ ကိုက်ခြင်းမှတစ်ဆင့် ကူးစက်တတ်သည်။

ဆင်ခြေထောက်ရောဂါပိုးများသည် လူခန္ဓာကိုယ်ထဲရှိ သားငန်ရည်ကြောနှင့် အကျိတ်များတွင် ရှိနေသော်လည်း မည်သည့်ရောဂါ လက္ခဏာမှမပြဘဲ ငုပ်နေတတ်ပြီး ရောဂါသက်ရင့်လာသည့်အခါမှသာ ခြေထောက်၊ လက်၊ ရင်သားများ တစ်ဘက်တည်း (သို့မဟုတ်) နှစ်ဘက်လုံး တဖြည်းဖြည်းကြီးလာခြင်း၊ ခြေ/လက်များမှာ ဆင်၏ ခြေထောက်ကဲ့သို့ ကြီးလာခြင်းတို့ ဖြစ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ 

ရောဂါစတင်ဝင်ရောက်ချိန်တွင် မကြာခဏ အဖျားတက်ခြင်း၊  ပေါင်ခြံအကျိတ် ချိုင်းအကျိတ်များ ရောင်ရမ်းခြင်း၊ ပန်းနာရင်ကြပ်ကဲ့သို့ ချောင်းဆိုးခြင်း၊ အရေပြားယားယံခြင်း၊ ခြေလက်များတွင် အရေပြားထူလာခြင်းနှင့် ဆီးသွားရာတွင် အဖြူရောင်အနည်ပါမှုများ ဖြစ်တတ်ပြီး ရောဂါဖြစ်ပွားခဲ့ပါက Diethylcarbamazine နှင့် Albendazole ကဲ့သို့ သန်ချဆေးများကို နီးစပ်ရာ ဆရာဝန်များနှင့်တိုင်ပင်၍ ရေရှည်သောက်သုံးခြင်းနှင့် ရောဂါပိုးရှိသော ကိုယ်လက်အင်္ဂါများအားခွဲစိတ်ခြင်း စသည့် နည်းလမ်းများဖြင့် ကုသနိုင်ကြောင်း သိရသည်။

တစ်ချို့သော ဒေသခံပြည်သူများမှာ ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးနှင့် ဓာတ်မတည့်မှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်သည့်အတွက် ကာကွယ်ဆေးကို သောက်သုံးသင့်/မသင့် စဉ်းစားတွေဝေမှုများလည်းရှိကြောင်း သိရသည်။ 

“ကာကွယ်ဆေး မသောက်လိုသူတချို့လည်း ရှိပါတယ်။ ဒါပေမဲ့ အဲ့လိုမျိုး မသောက်လိုသူတွေက လုံးဝ အနည်းအကျဉ်းပါ” ဟု ကာကွယ်ဆေးတိုက်ကျွေးနေသည့် ရသေ့တောင်မြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ 

ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးသည် သန်ချဆေးဖြစ်သည့်အတွက် ဆေးသောက်ပြီးနောက် လှုပ်ရှားမှုများလျှင် အနည်းငယ် မူးတတ်၊ ပျို့အန်တတ်သော်လည်း ဆိုးဝါးသော ဘေးထွက်ဆိုးကျိုးများ မရှိကြောင်း ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည်။ 

#I005

ဗီဒီယိုများ