ရခိုင်တွင် ရွှေတစ်ကျပ်သားကို ငွေကျပ် သိန်း ၃၀ နီးပါး ရှိလာနေ

ရခိုင်ပြည်တွင် ယနေ့ မတ်လ ၂၃ ရက်နေ့ ပေါက်ဈေးအရ အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၂,၉၄၀,၀၀၀ (နှစ်ဆယ့်ကိုးသိန်းလေးသောင်း)ကျော်အထိ မြင့်တက်လျက်ရှိကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။ 

By Admin 23 Mar 2023

ရခိုင်တွင် ရွှေတစ်ကျပ်သားကို ငွေကျပ် သိန်း ၃၀ နီးပါး ရှိလာနေ

DMG ၊ မတ် ၂၃ 

ရခိုင်ပြည်တွင် ယနေ့ မတ်လ ၂၃ ရက်နေ့ ပေါက်ဈေးအရ အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၂,၉၄၀,၀၀၀ (နှစ်ဆယ့်ကိုးသိန်းလေးသောင်း)ကျော်အထိ မြင့်တက်လျက်ရှိကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။ 

မတ်လ ၂၃ ရက်နေ့ ပေါက်ဈေးအရ အခေါက်ရွှေ ၁၆ ပဲ တစ်ကျပ်သားကို ငွေကျပ် ၂,၉၄၀,၀၀၀ ကျော်အထိ ရှိပြီး ၁၅ ပဲ တစ်ကျပ်သားကို ငွေကျပ် ၂,၇၅၀,၀၀၀ နှင့် ၁၃ ပဲ တစ်ကျပ်သားကို ငွေကျပ် ၂,၀၅၀,၀၀၀ အထိ မြင့်တက်လျက်ရှိနေသည်။ 

ယခင်က အခေါက်ရွှေ ၁၆ ပဲ တစ်ကျပ်သားကို ငွေကျပ် ၂,၈၃၀,၀၀၀ ခန့်ရှိခဲ့ရာမှ ယခု မတ်လအတွင်းမှစတင်ကာ ငွေကျပ် သိန်း (၃၀) နီးပါးအထိရှိလာခြင်း ဖြစ်သည်။ ရွှေဈေး မြင့်တက်နေသည့်အတွက် ရောင်းအားလည်း ကျဆင်းနေသည်ဟု ရွှေဆိုင်လုပ်ငန်းရှင်များက ပြောဆိုကြသည်။ 

“အခုက အရောင်းလည်း နည်းတယ်။ အဝယ်လည်း နည်းတယ်။ အရင်နှစ်က အခြေအနေက အရောင်းအဝယ် ကောင်းတယ်။ ဆိုင်ကို အရင်က တစ်နေ့ကို အနည်းဆုံး ငါးယောက်လောက်ရောက်ရင် အခုက တစ်ယောက်လောက်ပဲ ရောက်တော့တယ်” ဟု စစ်တွေမြို့မှ ရွှေဆိုင်ပိုင်ရှင် ကိုစောဝင်းက ပြောသည်။

ယနေ့ မတ်လ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲထိ ရွှေလုပ်ငန်းရှင်များအသင်း၏ သတ်မှတ်ချက်အရ အခေါက်ရွှေ ၁၆ ပဲ တစ်ကျပ်သားကို ငွေကျပ် ၂,၃၂၉,၁၀၀ ကျပ်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည်။ 

သတ်မှတ်ဈေးနှုန်းအတိုင်း ပြင်ပဈေးကွက်တွင် ရောင်းချကြရန်လည်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက မတ်လ ၂၁ ရက်နေ့တွင် တိုက်တွန်းထားသည်။ 

ယင်းအပြင် ရွှေအရောင်းအဝယ် လုပ်ငန်းရှင်များအနေဖြင့် ရွှေဈေးနှုန်းမြှင့်တင်လိုသူများ၏ ဝါဒဖြန့်မှုအတိုင်း ရောင်းဝယ်ခြင်း မပြုလုပ်ကြရန်နှင့် လက်ရှိ ရွှေဈေးနှုန်းကို မြှင့်တင် ရောင်းဝယ်ခြင်းများသည် ဥပဒေနှင့်ညီညွတ်မှုမရှိဟု အဆိုပါ ရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည်။ 

သို့သော် ရခိုင်ပြည်မှ ရွှေဆိုင်လုပ်ငန်းရှင်များမှာ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်ထားသည့် ပေါက်ဈေးအတိုင်းရောင်းချရန် အခက်အခဲရှိသည်ဟု စစ်တွေမြို့ရှိ ရွှေဆိုင်လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

“ရန်ကုန်ကသတ်မှတ်ထားတဲ့ ဆိုင်ကဈေးနှုန်းအတိုင်း ရခိုင်မှာ ရောင်းကြတာ။ အခုက ရွှေဈေးမြင့်တက်နေတဲ့ အတွက် အရောင်းအဝယ်လည်း နည်းသွားတယ်။ အရင်က တစ်လမှာ ရွှေတစ်မတ်လောက် ဖြစ်ဖြစ်ကို ဝန်ထမ်းတွေက ပုံမှန်ဝယ်စုကြတယ်။ အခုက ရွှေတစ်ပဲဝယ်ဖို့ကိုတောင် ရတဲ့လစာက ခြိုးခြံချွေတာတောင် အဆင်မပြေကြဘူး။ ကုန်ဈေးနှုန်းတွေ တက်တာနဲ့လည်း ဆိုင်တယ်” ဟု သူမက ပြောသည်။ 

လက်ရှိမှာ ရွှေဆိုင်အချို့၌ ရွှေလာဝယ်သူ ခပ်စိပ်စိပ်ရှိနေသော်လည်း ရွှေပေါင်နှံရောင်းချမှုက ပိုများလာနေသည်ဟု စစ်တွေမြို့မှ ရွှေဆိုင်လုပ်ငန်းရှင် ကိုကျော်လင်းက ပြောသည်။ 

“မနှစ်က ဆိုင်မှာ လူအရောက်နည်းတယ်။ ဒီနှစ်မှာတော့ နည်းနည်းရောင်းရတယ်။ လကုန်လို့ ရက်တစ်ဆယ်ကျော်ရင် လာဝယ်သူက နည်းနည်းရှိတယ်။ ပြီးရင် မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကို သံယောင်လိုက်ပြီး မြန်မာနိုင်ငံတွင်လည်း ရွှေဈေးကစားလိုသူများက ရွှေဈေးနှုန်းမြင့်တက်လာစေရန် အွန်လိုင်းမီဒီယာများမှတစ်ဆင့် ကောလဟာလထုတ်လွှင့်ခြင်း၊ ရောင်းဝယ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်းများအသင်းမှ ထုတ်ပြန်ထားသည်။ 

ဈေးကစားလိုသူများသည် ကမ္ဘာ့ရွှေဈေးနှုန်းနှင့် မြန်မာ့ရွှေဈေးနှုန်း ချိတ်ဆက်ထားသယောင် တွက်ချက်ဖော်ပြနေသည်ကို တွေ့ရှိရသော်လည်း အမှတ်တကယ်တွင် ကမ္ဘာ့ရွှေဈေးကွက်နှင့် မြန်မာ့ရွှေဈေးကွက်မှာ ချိတ်ဆက်မှုမရှိကြောင်း ဆိုသည်။

လက်ရှိတွင် ရွှေဈေးနှုန်းမြင့်တက်လာခြင်းနှင့် အရောင်းအဝယ် သိသိသာသာနည်းပါးလာခြင်းမှာ ကိုဗစ်ကာလနှင့် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှ စတင်ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။ 

#R005

ဗီဒီယိုများ