သံတွဲနှင့် တောင်ကုတ်တွင် ပင်လယ်ရေတိုက်စားမှုကြောင့် နေအိမ် ၈၀ ခန့် ပျက်စီး

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် (၇) နာရီ ထုတ်ပြန်ချက်တွင် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း ဖော်ပြသည်။

By Admin 08 Aug 2023

တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျေးရွာတွင် ပင်လယ်ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် နေအိမ်များကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ပထမအပတ်က တွေ့ရစဉ်။
တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျေးရွာတွင် ပင်လယ်ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် နေအိမ်များကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ပထမအပတ်က တွေ့ရစဉ်။

DMG ၊ ဩဂုတ် ၈ 

ယခုရက်ပိုင်း မိုးသက်လေပြင်းကျရောက်၍ လှိုင်းကြီးသဖြင့် ရခိုင်ပြည် သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ရှိ ပင်လယ်ကမ်းစပ်နှင့်နီးသည့် ကျေးရွာအချို့တွင် ပင်လယ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျပြီး နေအိမ် ၈၀ ခန့် ပျက်စီးဆုံးရှုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

တောင်ကုတ်မြို့နယ် ကုလားရောင်ကျေးရွာတွင် ရွာသစ်၊ မကျည်းကုန်း၊ အောင်မင်းချောင်ဟူ၍ သုံးပိုင်းခွဲထားပြီး ပင်လယ်ကမ်းစပ်အနီးတွင်ရှိသည့် အောင်မင်းချောင်ပိုင်းတွင် လှိုင်းဒဏ်ကြောင့် ကမ်းပါးပြိုကျကာ နေအိမ် ၅၇ ဆောင် ပျက်စီးသွားကြောင်း ဒေသခံများက ပြောဆိုသည်။ 

“လေက တအားပြင်းတယ်။ ဒီရေကလည်းတက်တဲ့အချိန်ဆိုတော့ လေမုန်တိုင်းတိုက်နေသလိုပဲ။ မိုခါမုန်တိုင်း တိုက်တုန်းကဆိုရင် အိုးအိမ်ပျက်စီးခဲ့ပေမဲ့ မြေကျန်သေးတယ်။ အခုက မြေလည်း မကျန်တော့ဘူး။ ဘဝမှာ ဒီလိုအဖြစ်မျိုး မကြုံဖူးဘူး” ဟု ကမ်းပါးပြိုကျ၍ နေအိမ်ပျက်စီးသွားခဲ့သည့် ကုလားရောင်ရွာမှ ဒေါ်မဖြူက ပြောသည်။ 

သံတွဲမြို့နယ်ရှိ ဆင်ခေါင်းကျေးရွာ ရခိုင်စုဘက်တွင်လည်း မိုးကြီး၍ ပင်လယ်ရေတိုက်စားမှုမှုကြောင့် ဩဂုတ် ၁ ရက်နေ့ကစပြီး ယနေ့အထိ ၈ ရက်အတွင်း နေအိမ် ၂၀ ကျော် ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ကမ်းပါပြိုကျ၍ ပျက်စီးသွားသည့်နေအိမ်များမှာ သစ်အိမ်များအပြင် ဓနိမိုး၊ ဝါးထရံကာအိမ်များဖြစ်ပြီး နေအိမ်ပျက်စီးသွားသူများမှာ ဆွေမျိုးများအိမ်နှင့် ခြံအလွတ်တွင် တဲထိုး၍ နေထိုင်နေကြရသည်။

“မိုးသက်လေပြင်းတိုက်တော့ လှိုင်းတွေကြီးပြီး နေအိမ် ၂၀ ကျော်လောက် ပါသွားပြီ။ နေအိမ်ပျက်စီးသွားသူတွေမှာ နေစရာမရှိတော့ တခြားမြို့နယ်တွေက ဆွေမျိုးအိမ်ကို သွားတဲ့သူသွားတယ်။ မြို့ပေါ်ကို သွားတဲ့သူသွားကြတယ်” ဟု ဆင်ခေါင်းကျေးရွာ ရခိုင်စုဘက်မှ ရာအိမ်မှူး ဦးတင်ဌေးက ပြောသည်။

ဆင်ခေါင်းကျေးရွာတွင် ရခိုင်စု၊ ဆင်ခေါင်း၊ မှော်ဖျား ဟူ၍ အပိုင်းသုံးပိုင်း ခွဲခြားထားပြီး ရခိုင်စုမှာ ပင်လယ်ကမ်းစပ်နှင့်နီးသဖြင့် ပင်လယ်ရေတိုက်စားမှုဒဏ်ကို နှစ်စဉ်ကြုံတွေ့နေရသည်။ 

လက်ရှိတွင် ပင်လယ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများမှာ တဖြည်းဖြည်းတိုးလာသဖြင့် နေအိမ်များထပ်မံ ပျက်စီးမည်ကို စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောဆိုကြသည်။ 

“ပင်လယ်ရေဖြစ်တာကြောင့် ရေတက်လာတဲ့အမျှ လှိုင်းကကြီးလာတယ်။ ဒီအတိုင်းပဲ ရေမကျဘဲရှိမယ်ဆိုရင် တစ်ရွာလုံးနီးပါး ပျက်သွားမယ့်အနေအထားရှိမယ်” ဟု တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျေးရွာမှ ကိုညီညီလွင်က ပြောသည်။  

ကမ်းပါးပြိုကျ၍ ပျက်စီးသွားသည့်နေအိမ်များအား စာရင်းကောက်လာသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများက နေရာစီစဉ်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ ထူးခြားမှုမရှိသေးကြောင်း ကုလားရောင်ရွာသားများက ပြောသည်။ 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၈ ရက်နေ့ နံနက် (၇) နာရီ ထုတ်ပြန်ချက်အရ  ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။ 

#I001

ဗီဒီယိုများ