သွားလာခွင့်ကန့်သတ်ထားသော မောင်တောဒေသတွင် ရိက္ခာပြတ်လပ်မည့်အခြေအနေနှင့် ရင်ဆိုင်နေရ

မြန်မာစစ်တပ်က တစ်ရွာနှင့်တစ်ရွာသွားလာခွင့်များ ပိတ်ထားမှု၊ကုန်စည်စီးဆင်းမှုလမ်းကြောင်းများကို ပိတ်ဆို့ထားမှုကြောင့် ဒေသခံများ စားနပ်ရိက္ခာပြတ်လပ်မည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

22 Aug 2022

DMG ၊ သြဂုတ် ၂၂

မြန်မာစစ်တပ်က တစ်ရွာနှင့်တစ်ရွာသွားလာခွင့်များ ပိတ်ထားမှု၊ကုန်စည်စီးဆင်းမှုလမ်းကြောင်းများကို ပိတ်ဆို့ထားမှုကြောင့် ဒေသခံများ စားနပ်ရိက္ခာပြတ်လပ်မည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ မောင်တောမြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် သြဂုတ်လ ၁၄ ရက်မှစတင်ကာ မောင်တောသို့ ကုန်းလမ်းဖြင့်သွားရောက်နိုင်သည့် မောင်တော-အငူမော်ကားလမ်းကို မြန်မာစစ်တပ်က ပိတ်လိုက်သည်။ ထို့ပြင် တစ်ရွာနှင့်တစ်ရွာ သွားလာခွင့်လည်းပိတ်ထားသဖြင့် ထိုသို့ စားနပ်ရိက္ခာပြဿနာနှင့်ရင်ဆိုင်နေရခြင်းဟု ဒေသခံများက ဆိုကြသည်။

"ရွာထဲက ရွာပြင်ကိုတောင်လုံးဝထွက်ခွင့်မပေးဘူး။ တောင်ပိုင်းတစ်ခုလုံးထွက်ခွင့်မရတာ။ တခြားဂိတ်စခန်းမရှိတဲ့ ရွာကလူတွေလည်း မြို့ကိုသွားမယ်ဆိုရင် ဒီဂိတ်တွေဖြတ်ရတယ်။ ဒါကြောင့် ဘယ်သူမှထွက်ခွင့်မရဘူး။ စားနပ်ရိက္ခာဝယ်ချင်လို့် ထွက်ခွင့်ပေးပါလို့ နယ်ခြားစောင့်ရဲတွေကို ခွင့်တောင်းပေမယ့် မရဘူး။ ကျန်းမာရေးကိစ္စတခုတည်းပဲ ခွင့်ပြုတယ်လို့ပြောတယ်။ အခုဆိုလမ်းတွေပိတ်ထားလို့ ကုန်ဈေးနှုန်းတွေလည်းတက်နေပြီ"ဟု ကိုင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းစိန်ကပြောသည်။

လက်ရှိတွင် မောင်တောမြို့၌ ပေါ်ဆန်မွှေးဆန်တစ်အိတ်လျှင် ၈ သောင်းကျပ်၊ ဆန်ညံ့တစ်အိတ်လျှင် ငါးသောင်းကျပ်၊ စားသုံးဆီတစ်လီတာလျှင် ၉ ထောင်၊ ကြက်ဥတစ်ဥလျှင် ၈၀၀ ကျပ်အထိ ဈေးမြင့်တက်လျှက်ရှိသည်။

သို့သော်ဒေသခံများမှာ စားနပ်ရိက္ခာများဝယ်ယူရန် အပြင်ထွက်ခွင့်မရသည့်အတွက် မိမိရွာ၌ရှိသောဆန်များကို ဝေငှစားသောက်နေရသည်ဟု သရေကုန်ဘောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်ကပြောသည်။

"ဆန်တွေလည်းဈေးတက်နေတယ်။ ငွေရှိရင်တောင် ဝယ်လို့လည်းမရဘူး။ ဒါကြောင့် လူလူချင်းစာနာထောက်ထားပြီး ရွာမှာရှိတဲ့ဆန်တွေကိုပဲ ဝေငှစားနေကြတယ်။ ရွာမှာဝက်ရှိရင် ဝက်သတ်စားကြတယ်။ နွားရှိရင် နွားသတ်စားကြရတယ်။ ရွာမှာ ရိက္ခာတွေလည်းပြတ်လာနေပြီ။ ဒီတိုင်းဆက်သွားနေမယ်ဆိုရင် ကြာလာရင်ငတ်တော့မယ်"ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ ကျေးရွာများ၌ ဂိတ်စခန်းများချကာ ဒေသခံများအား စားနပ်ရိက္ခာသယ်ယူခွင့်ပိတ်ပင်လိုက်ခြင်းမှာ လုံးဝမဖြစ်သင့်၊ မလုပ်သင့်သည့် လုပ်ရပ်တစ်ခုဖြစ်သည်ဟု ဒေသခံများကပြောဆိုကြသည်။

"မြို့ထဲက ကုန်တင်လာတဲ့ ဟိုင်းဂျက်ကားတွေကိုလည်း အဝင်မပေးဘူး။ အရင်ကဆိုရင် မြို့ထဲကနေ ကုန်ကားတွေနဲ့လာရောင်းကြတယ်။ ဆိုင်ပစ္စည်းတွေဆိုလည်း လာပို့ကြတယ်။ အခု ဆိုင်ပစ္စည်းတွေလည်းမသယ်ရတော့ ဆိုင်ဝန်တွေလည်း ပြတ်နေကြပြီ။ နယ်ခြားစောင့်ရဲတွေက ဒီဖက်ဒေသတွေကို စားနပ်ရိက္ခာဖြတ်တောက်လိုက်ပြီလို့ပြောတယ်တဲ့။ စားဝတ်နေရေးကတော့ အရမ်းကိုဒုက္ခဖြစ်နေကြပါပြီ"ဟု ဒေသခံတစ်ဦးကပြောသည်။

ထို့ပြင် မောင်တောမြို့နယ်တောင်ပိုင်းမှ ကျေးရွာနှစ်ရွာဖြစ်သည့် ကျောက်ပန်းဒူကျေးရွာနှင့် အင်းဒင်ကျေးရွာတို့တွင်လည်း တစ်ရွာမှတစ်ရွာ ဝင်ထွက်သွားလာခွင့်လည်းမရရှိကြသည့်အတွက် စားရေး၊သောက်ရေးအခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများက ပြောဆိုကြသည်။

“စစ်တွေကမလာရင် ဆန်ကိုဘယ်ကဝယ်ရမှာလဲ။ ရှိရင်လည်း ဆန်ကိုဝယ်လို့မရတော့ဘူး။ အခုဆိုရင် ကျေးရွာမှာ ကုန်စိမ်းတွေ၊ ဆီတွေ၊ ဆန်တွေ အားလုံးဈေးတက်သွားပြီ။ အရင်ဆိုတော့ ဆန်ဝယ်စားကြတယ်။ အခုတော့ ဝယ်စားဖို့ဆန်မရှိတော့ဘူး။ ရသေ့တောင်မြို့နယ်ကိုလည်း သွားလို့မရ၊ ဝယ်လို့မရ၊ ဝယ်လို့ရရင်လည်း သယ်ယူလာလို့မရ။ ငါးသွားရှာရင်လည်းမရ။ မျှစ်သွားချိုးရင်လည်း မရ။ နောက်ဆုံးကျွဲ၊နွားတွေကိုလည်း ကျောင်းလို့မရတော့ဘူး“ဟု အင်းဒင်ကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

လမ်းမဖွင့်ပေးလျှင် ယခုထက်ပိုမိုဆိုးဝါးသည့် အငတ်ဘေးများနှင့် ကြုံတွေ့လာရနိုင်သောကြောင့် လမ်းကိုအမြန်ဆုံးပြန်လည်ဖွင့်ပေးစေချင်ကြောင်း၊ ထိုသို့မဟုတ်လျှင် စားနပ်ရိက္ခာရှားပါးမှုဒဏ်ကြောင့် ရွာလုံးကျွတ်ထွက်ပြေးရနိုင်ကြောင်း ကျောက်ပန်းဒူကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

“အခြေအနေအရ ထွက်လို့ပြေးနေကြတယ်။ ဒီနေ့ဆိုရင်လည်း မိသားစု ၄ စုလောက်ထွက်ပြေးသွားပြီ။ ပြေးကြတယ်ဆိုတာလည်း ရဲသားတွေမမြင်အောင် ခိုးပြေးကြတာပါပဲ။ မေယုရွာဘက် စေတီပြင်ဘက်ကို သွားကြတာပါ။ ဆန်မရှိ၊ ဆီမရှိတဲ့ မိသားစုတွေက အငတ်မခံနိုင်လို့ပြေးသွားကြတာပါ။ အဓိကတော့ အပြင်မထွက်ရတဲ့ အခက်အခဲပါ။ ဆန်မရှိ၊ ဆီမရှိ၊ စားနပ်ရိက္ခာတွေက လုံးဝမရှိကြတော့ပါ။ နည်းနည်းလေးပဲရှိတော့တယ်“ဟု သူကပြောသည်။

လက်ရှိဖြစ်ပျက်နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး သိရှိနိုင်ရန်အတွက် မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်ကို ဆက်သွယ်ရာတွင် “နောက်မှပြန်ဆက်ပါမယ်”ဟု တုန့်ပြန်သောကြောင့် စစ်ကောင်စီ၏တုန့်ပြန်ချက်ကို မရရှိသေးပါ။

ဗီဒီယိုများ