- နောင်ချိုက ထိန်းချုပ်နယ်မြေအချို့ TNLA ထပ်မံ လက်လွှတ်နေရ
- အကျပ်အတည်းများကြောင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ မွတ်ဆလင်အချို့ ရခိုင်သို့ ဝင်ရောက်မှုရှိနေ
- UWSA ဒေသတွင် မြေရှားသတ္တုတူးဖော်မှု သံလွင်နှင့် မဲခေါင်မြစ်ဝှမ်းအထိ ဆိုးကျိုးသက်ရောက်နိုင်
- နွေဦးတော်လှန်ရေး ဦးဆောင်မှုကဏ္ဍတွင် အမျိုးသမီးပါဝင်ခွင့် အားနည်းနေသေး
- မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်းကြောင့် လုံခြုံရေးအန္တရာယ်သစ် ပေါ်လာမည့်အလားလာရှိဟု ဘင်္ဂလားဒေ့ရှ်က ကုလတွင် သတိပေး
ရခိုင်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအတုပြုလုပ်သူ သုံးဦးထဲမှ နှစ်ဦးကိုဖမ်းမိထား
ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားအတုပြုလုပ်သူ သုံးဦးထဲမှ လက်ရှိတွင် နှစ်ဦးကို ဖမ်းဆီးရမိထားကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
18 Dec 2021
DMG ၊ ဒီဇင်ဘာ ၁၈
ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားအတုပြုလုပ်သူ သုံးဦးထဲမှ လက်ရှိတွင် နှစ်ဦးကို ဖမ်းဆီးရမိထားကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
စစ်တွေလေဆိပ်တွင် လေကြောင်းခရီးစဉ်ဖြင့်လိုက်ပါမည့်သူများကို လဝကဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြားစစ်ဆေးရာ၌ ဒီဇင်ဘာလ ၁၂ ရက်နှင့် ၁၅ ရက်နေ့တို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ကိုင်ဆောင်ထားသူများကို စစ်ဆေးတွေ့ရှိခဲ့သည်။
စစ်တွေမှ ရန်ကုန်သို့ မြန်မာ့လေကြောင်းလိုင်းဖြင့်လိုက်ပါမည့် မင်းပြားမြို့နယ်၊ နဂါရာကျေးရွာမှ မွတ်ဆလင်အမျိုးသမီးဖြစ်သူ မခင်ခင်သန်း(၁၉)နှစ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ကိုင်ဆောင်လာသည်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့ကစစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမျိုးဝင်းက DMG သို့ပြောသည်။
အလားတူ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်လည်း စစ်တွေလေဆိပ်မှ လေကြောင်းခရီးစဉ်လိုက်ပါမည့် မောင်တောမြို့နယ်တွင်နေထိုင်သော မွတ်စလင်အမျိုးသမီးသုံးဦးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ကိုင်ဆောင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
ယင်းသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားအတုများကို ပြုလုပ်ပေးနေသူများကိုလိုက်လံစုံစမ်းရာ ပေါက်တောမြို့နယ်၊ ခမောင်းဒွေကျေးရွာမှ ကျော်ဆန်းမင်း(၃၂)နှစ်နှင့် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်တွင်နေထိုင်သူ သာမောင်(၅၄)နှစ်တို့ကို ဖမ်းဆီးရမိခဲ့ပြီး ဦးထွန်းသာ(နေရပ်လိပ်စာစုံစမ်းဆဲ)မှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံသိရသည်။
“မှတ်ပုံတင်အတုပြုလုပ်ခ တစ်ကတ်ကိုခြောက်သိန်းပေးရတယ်။ ဖမ်းမိတဲ့ မွတ်ဆလင် အမျိုးသမီးလေးယောက်က ရန်ကုန်ကိုသွားမယ်ဆိုတာပဲသိရသေးတယ်။ အသေးစိတ်ကိုတော့ စစ်ဆေးနေတုန်းပဲ”ဟု လဝကအရာရှိတစ်ဦးက ပြောသည်။
စစ်တွေလေဆိပ်တွင် စစ်ဆေးတွေ့ရှိခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားအတုမှ နံပါတ်ဂဏန်းအရေအတွက်မှာ နှစ်သိန်းကျော်ဖြစ်ကြောင်း၊ လဝကမှ မောင်တောမြို့တွင်ထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား နံပါတ်ဂဏန်းအရေအတွက်မှာ လတ်တလောတွင် သုံးသောင်းကျော်သာရှိသေးကြောင်း စစ်တွေမြို့ လဝကဦးစီးအရာရှိ ဦးစိန်သာထွန်းကရှင်းပြသည်။
လက်ရှိတွင် မှတ်ပုံတင်အတုပြုလုပ်သူသုံးဦးနှင့် ကိုင်ဆောင်သူလေးဦးတို့ကို လဝကဦးစီးအရာရှိ ဦးစိန်သာထွန်းက တရားလိုပြုလုပ်ပြီး စစ်တွေမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ- ၄၂၀(လိမ်လည်မှု)၊ ပုဒ်မ ၄၆၈ (စာရွက်စာတမ်းအတုပြုလုပ်မှု)တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့မှသိရသည်။