ရခိုင်တွင် ငါးဖမ်းပိုက်များ၌ လိပ်လွတ်မြောက်ရေးကိရိယာ မတပ်ဆင်ထားသည့်စက်လှေများကို အရေးယူထား

ရခိုင်တွင် ငါးဖမ်းပိုက်များအတွင်း လိပ်လွတ်မြောက်ရေးကိရိယာ -Turtle Excluder Device(TED) မတပ်ဆင်ထားသည့် ငါးဖမ်းစက်လှေ ၉ စီးကိုအရေးယူထားကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

30 May 2022

DMG ၊ မေ ၃၀

ရခိုင်တွင် ငါးဖမ်းပိုက်များအတွင်း လိပ်လွတ်မြောက်ရေးကိရိယာ -Turtle Excluder Device(TED) မတပ်ဆင်ထားသည့် ငါးဖမ်းစက်လှေ ၉ စီးကိုအရေးယူထားကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

TED တပ်ဆင်ထားခြင်းမရှိသည့် စစ်တွေမြို့နယ်မှ ငါးဖမ်းစက်လှေသုံးစီးနှင့် ကျောက်ဖြူမြို့နယ်မှ ငါးဖမ်းစက်လှေ ၆ စီးတို့ကို ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ပြီး ထိုအထဲမှ လိုင်စင်ပါရှိသည့် စက်လှေခြောက်စီးကို ဒဏ်ငွေငါးသိန်းကျပ်ပေးဆောင်စေခဲ့ကာ လိုင်စင်မပါရှိသည့်စက်လှေသုံးစီးကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဦးက DMG သို့ပြောသည်။

“ဒီစက်လှေတွေကို နေဗီက ဖမ်းပေးတာ။ သူတို့က ပင်လယ်ပြင်မှာဖမ်းပြီး နီးတဲ့နေရာကိုလာပို့ပေးတာဖြစ်တယ်။ ပင်လယ်လိပ်တွေကိုမသတ်ဖို့နဲ့ TED တပ်ဖို့အတွက်ပြောပေမယ့် မတပ်ကြဘူး။ ဒီလိပ်တွေက ရှားပါးမျိုးတုန်းတော့မယ့်အမျိုးအစားထဲကို ရောက်နေတဲ့အတွက် အခုလိုလုပ်ခိုင်းရတာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ပင်လယ်လိပ်များသည် ပင်လယ်ပြင်၏ဂေစနစ်ကို များစွာအကျိုးပြုလျှက်ရှိနေပြီး အကယ်၍ မျိုးတုန်းပျောက်ကွယ်သွားခဲ့ပါက ပင်လယ်ပြင်ဂေဟစနစ်ကို များစွာထိခိုက်လာနိုင်ကြောင်း ဦးသက်ဦးကပြောသည်။

"ပင်လယ်ထဲမှာ အယ်လ်ဂျေးလို့ခေါ်တဲ့ ပင်လယ်ရေညှိတစ်မျိုးရှိတယ်။ ဒါတွေကို ငါးတွေ၊ပုစွန်တွေက စားကြတယ်။ ဒီအပင်တွေကမစားပဲထားလို့ ကြီးလာခဲ့ရင်ပုပ်သွားပြီး ပင်လယ်မှာ အဆိပ်အတောက်ဖြစ်စေတတ်တယ်။ ဒါပေမယ့် ရာသီဥတုနဲ့ ရေစီးကြောင်းအပြောင်းအလဲကြောင့် ဒါတွေအများကြီးဖြစ်လာတဲ့အချိန်မှာ ငါးနဲ့ပုစွန်တွေက မစားနိုင်ကြတော့ဘူး။ ဒါတွေကို လိပ်တွေကပဲစားကြတယ်။ ဒါကြောင့် ဒီလိပ်တွေက ဂေဟစနစ်အတွက် အရမ်းအရေးပါတယ်”ဟု ၎င်းကရှင်းပြသည်။

ဂွမြို့နယ်အတွင်းတွင် လိပ်လွတ်မြောက်ရေးကိရိယာများကို တပ်ဆင်ထားမှု နည်းပါးနေဆဲဖြစ်သည်ဟု ဂွမြို့နယ်၊ ပုန်းညက်ကျေးရွာမှ ပင်လယ်လိပ်ထိန်းသိမ်းရေးလုပ်ငန်းလုပ်ကိုင်နေသူ ကိုသားကြီးကဆိုသည်။

“သူတို့ထဲကအချို့တော့ လိပ်တွေမိရင် ကျွန်တော်တို့ဆီကိုလာအပ်တာတွေတော့ရှိတယ်။ ဒါပေမယ့် TED တပ်တာမျိုးတော့သိပ်မတွေ့ရဘူး။ တပ်တဲ့လူနည်းနေသေးတယ်။ ကျွန်တော်တို့လည်း ဒီပင်လယ်လိပ်တွေကိုဖမ်းမိရင် မသတ်ဖို့နဲ့ မစားကြဖို့ကို အမြဲအသိပညာပေးတာတွေလုပ်နေပါတယ်”ဟု သူကပြောသည်။

ထို့အတူ ပေါက်တောမြို့နယ်တွင်လည်း ငါးဖမ်းစက်လှေကြီးအချို့သာ အဆိုပါကိရိယာကိုတပ်ဆင်ထားကြောင်းနှင့် အများစုမှာ တပ်ဆင်နိုင်ခြင်းမရှိကြောင်း အမည်မဖော်လိုသည့် ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကဆိုသည်။

ပင်လယ်လိပ်များသည် ရေငန်ပိုင်းနေ သွေးနွေးတွားသွားသတ္တဝါများဖြစ်ကြပြီး သက်တမ်းနှစ် ၁၅၀ ခန့် နေထိုင်နိုင်ကြသော အသက်အရှည်ဆုံး ရေသတ္တဝါများတွင်ပါဝင်ကြသည်။ ကမ္ဘာပေါ်တွင် ပင်လယ်လိပ်မျိုးစိတ်(၇)မျိုးရှိရာ မြန်မာနိုင်ငံတွင် မျိုးစိတ် (၅)မျိုးကိုတွေ့ရှိရသည်။ ပင်လယ်လိပ်များမှာ မျိုးသုန်းမည့်အန္တရာယ်နှင့်လည်း ကြုံတွေ့နေကြရသည်။

ဗီဒီယိုများ