ရသေ့တောင် စစ်ဘေးရှောင်သောင်းနှင့်ချီ မိုးရာသီဖြတ်သန်းရေး အမိုးအကာ လိုအပ်နေ

ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်များမှာ ယခု မိုးဦးရာသီကာလအတွင်း အမိုးအကာများ မပြုပြင်နိုင်သေးသည့် နေအိမ်များရှိနေ၍ အခက်အခဲများကြုံတွေ့ရနိုင်ကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

By Admin 26 May 2025

 ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်စခန်းတစ်ခုအား ၂၀၂၅ ခုနှစ်၊ မေ ၂၂ ရက်နေ့က တွေ့ရစဉ်။
ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်စခန်းတစ်ခုအား ၂၀၂၅ ခုနှစ်၊ မေ ၂၂ ရက်နေ့က တွေ့ရစဉ်။

DMG ၊ မေ ၂၆

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်အတွင်း နေထိုင်ကြသည့် စစ်ဘေးရှောင်များမှာ မိုးရာသီကာလဖြတ်သန်ရေး အမိုး အကာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရသည်။

ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်များမှာ ယခု မိုးဦးရာသီကာလအတွင်း အမိုးအကာများ မပြုပြင်နိုင်သေးသည့် နေအိမ်များရှိနေ၍ အခက်အခဲများကြုံတွေ့ရနိုင်ကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

" အမိုးအကာကတော့ ဒီမိုးရာသီကို ဖြတ်ကျော်နိုင်တဲ့ အခြေအနေမရှိတော့ပါဘူး။ မိုးယိုတာတွေ၊ တာပေါ်လင်စတွေ ဟောင်းနွမ်းနေတာတွေ ဖြစ်နေတာပေါ့။ မိုးရွာရင် ချက်ပြုတ်စားသောက်ရတာ၊ အိပ်ရတာတွေ အဆင်မပြေကြဘူး " ဟု ၎င်းက ပြောသည်။ ရသေ့တောင်တွင် စစ်ဘေးရှောင်စခန်းကြီး ၄ ခုရှိပြီး မြို့နယ်အနှံ့ရှိ ကျေးရွာများတွင် ပြန့်ကြဲနေထိုင်ကြသည်။

ယခုအခါ လူမှုကူညီရေးအဖွဲ့များမှ ဆောက်လုပ်ပေးထားသည့် နေအိမ်များမှာ တစ်နှစ်ကျော် အချိန်ကြာမြင့်လာခြင်းတို့ကြောင့် ဟောင်းနွမ်းပျက်စီးပြီး မွမ်းမံပြုပြင်ရန် လိုအပ်နေသည်။

နေအိမ်များ ပြုပြင်ဆောက်လုပ်ရန် စစ်ဘေးရှောင်အချို့ကို ULA က ဓနိအမိုး၊ ဝါးစသည့် အကူအညီများပေးထားသော်လည်း လုံလောက်မှုမရှိသဖြင့် ထပ်မံ အကူအညီလိုအပ်နေခြင်းဖြစ်သည်။

ရသေ့တောင်မြို့နယ်အတွင်း ရသေ့တောင်၊ စစ်တွေ၊ ဘူးသီးတောင်နှင့် သံတွဲမြို့နယ်တို့မှ စစ်ဘေးရှောင် အိမ် ထောင်စု ၈,၂၆၄ စု၊ လူဦးရေ ၂၈,၉၄၀ ကျော်ရှိကြောင်း ULA ၏ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) စာရင်းအရ သိရသည်။

လက်ရှိ ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်များ အမိုးအကာလုံခြုံရေးအတွက် သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ဆွေးနွေးနေကြောင်း HDCO တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

" အမိုးအကာ ကူညီပေးရေးကိစ္စကတော့ ကျနော်တို့လည်း တခြားလူမှုအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးနေပါတယ်။ လောလောဆယ်မှာတော့ စာရင်းကောက်တာတွေ၊ ကြိုတင်စီစဉ်တာတွေ လုပ်နေပါတယ်" ဟု HDCO တွင် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ရသေ့တောင်မြို့နယ်အတွင်း ရခိုင်တောင်ပိုင်းမြို့နယ်များမှ ရွေ့ပြောင်းနေထိုင်သူများရှိနေခြင်းကြောင့် စစ်ဘေးရှောင်လူဦးရေမှာလည်း တိုးနေကြောင်း HDCO ထံမှ သိရသည်။

ရသေ့တောင်မြို့နယ်ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် မတ်လက အပြီးသတ်သိမ်းပိုက်ခဲ့ပြီး ဖြစ်သော်လည်း စစ်တွေတပ်ရင်းများကနေ ရသေ့တောင်ဘက်သို့ လက်နက်ကြီးများ မကြာခဏ ပစ်ခတ်နေသဖြင့် ဒေသခံများမှာ မြို့ထဲဝင်ရောက် နေထိုင်ခွင့် မရသေးကြပေ။

လက်ရှိ ရခိုင်ပြည်အတွင်း နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရသူ ၆ သိန်း နီးပါးရှိပြီး လာမည့် မိုးရာသီကာလအတွက် အမိုးအကာ အကူအညီများ လိုအပ်နေသည်။