မအီမြို့မှ စီးပွားရေးလုပ်ငန်းရှင် ၅ ဦးကို AA နှင့်ဆက်စပ်ပြီး ဖမ်းဆီးရန် ဝရမ်းထုတ်

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်ကာ ဖမ်းဝရမ်းထုတ်ခံထားရသည့် ၎င်းတို့ ၅ ဦးမှာ လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

By Admin 08 Mar 2023

မအီမြို့ဝင်ဆိုင်းဘုတ်အား တွေ့ရစဉ်။
မအီမြို့ဝင်ဆိုင်းဘုတ်အား တွေ့ရစဉ်။

DMG ၊ မတ် ၈

ရခိုင်ပြည်၊ မအီမြို့မှ စီးပွားရေးလုပ်ငန်းရှင် ၅ ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်နွယ်သည်ဆိုကာ မအီနယ်မြေရဲစခန်းတွင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ- ၁၇(၁)နှင့် အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်ထားကြောင်း သတင်းရရှိသည်။

ဝရမ်းထုတ်ခံရသူများမှာ မအီမြို့ ရပ်ကွက်(၃)မှ ဦးဇာနည်မင်း၊ ဦးထွန်းဝင်း၊ ဦးမောင်ထွန်းသိန်းနှင့် ရပ်ကွက်(၂)မှ ဦးတင်ဝင်းနှင့် ဦးတင်ထွန်းတို့ဖြစ်ကြောင်း သိရသည်။

မအီမြို့မှ အမည်မဖော်လိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက “တောင်ကုတ်ခရိုင်တရားရုံးက ဦးထွန်းကြွယ်ရဲ့ ထွက်ဆိုချက်အရ သူတို့နဲ့ပတ်သက်တယ်ဆိုပြီးတော့ မအီမြို့ နယ်မြေရဲစခန်းကို ညွှန်ကြားတယ်။ ဒါကြောင့် ရဲစခန်းကတဆင့် အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီးတော့ သူတို့ကို ဒီပုဒ်မနဲ့ ဖမ်းဝရမ်းထုတ်ထားတယ် ဆိုပြီးတော့ပြောတယ်”ဟု DMG ကိုပြောသည်။

တရားရုံးတွင်ထွက်ဆိုခဲ့သည့် ဦးထွန်းကြွယ်ဆိုသူမှာ မအီမြို့ခံ ရွှေဇီးဇံ ကုမ္ပဏီပိုင်ရှင်ဖြစ်သည်။ ၎င်းမှာ AA နှင့် ဆက်နွယ်မှုဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး လက်ရှိ ပုဒ်မ- ၁၇(၁)ဖြင့် တောင်ကုတ်ခရိုင်တရားရုံးတွင် တရားရင်ဆိုင်နေရသည်။

ဦးထွန်းကြွယ်၏ ထွက်ဆိုချက်အရ ယခုဖမ်းဝရမ်းထုတ် ခံထားရသူ ၅ ဦးမှာ ဦးဇာနည်မင်း(သစ်စက်လုပ်ငန်းရှင်)၊ ဦးမောင်ထွန်းသိန်း(စက်သုံးဆီလုပ်ငန်းရှင်)၊ ဦးတင်ဝင်း(တည်ခိုးခန်းပိုင်ရှင်)၊ ဦးတင်ထွန်း(သံထည်ပစ္စည်း အရောင်းဆိုင်ရှင်)၊ ဦးထွန်းဝင်း(ကုန်သည်)တို့ဖြစ်ကြသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်ကာ ဖမ်းဝရမ်းထုတ်ခံထားရသည့် ၎င်းတို့ ၅ ဦးမှာ လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ကျနော်အပါအဝင် ရပ်ကွက် ၂ ခုက လူ ၅ ယောက်ကို ဖမ်းဝရမ်းထုတ်ထားတယ်ဆိုပြီးတော့ သိရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေတာပါ။ ကျနော်တို့ကို ဘာဖြစ်လို့ ဖမ်းဝရမ်းထုတ်တယ်ဆိုတာတော့ လတ်တလောကတော့ မသိရသေးဘူး။ အခုတော့ ကိုယ့်လုံခြုံရမယ့်နေရာတွေမှာ ရှောင်နေကြတယ်”ဟု ထွက်ပြေးတိမ်းရှောင်နေရသူ ဦးထွန်းဝင်းကပြောသည်။

မအီမြို့ခံ ၅ ဦးကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ-၁၇(၁)နှင့် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ထားသည့် ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မအီနယ်မြေရဲစခန်းမှ တာဝန်ရှိသူများကို DMG က ဆက်သွယ်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

အလားတူ သံတွဲမြို့မှ စီပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ရခိုင့်အားမာန် ကားဂိတ်ပိုင်ရှင် ကိုစန်းကိုမှာလည်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ- ၁၇(၁)ဖြင့် တရားရင်ဆိုင်နေရသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း စစ်တွေမှ စီးပွားရေးလုပ်ငန်းရှင်များကို ပြည်နယ်စစ်ကောင်စီရုံးသို့ ခေါ်ယူကာ ရက္ခိုင့်တပ်တော်(AA)ကို ကူညီထောက်ပံခြင်းများ မပြုလုပ်ကြရန် ခေါ်ယူသတိပေးမှုများရှိခဲ့သည်။

တကျော့ပြန် တိုက်ပွဲကာလအတွင်း ရခိုင်ဒေသခံစုစုပေါင်း ၅၉၄ ဦးကို စစ်ကောင်စီက သံသယဖြင့်ဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ ၃၉၁ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း လက်ရှိတွင် ဖမ်းဆီးခံထားရသူ ၂၀၃ ဦး ကျန်ရှိနေသေးသည်ဟု ဖေဖော်ဝါရီလ ၂၇ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောဆိုခဲ့သည်။

DMG က ကောက်ယူရရှိသည့်စာရင်းများအရ တကျော့ပြန်တိုက်ပွဲကာလအတွင်း ရခိုင်ပြည်၊ မြို့နယ်အသီးသီးမှ လူမှုရေးတက်ကြွလှုပ်ရှားသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒေသခံများအပါအဝင် စုစုပေါင်းလူဦးရေ ၅၀ ခန့်ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ-၁၇ (၁)(၂)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅ (က)(ခ) စသည့်နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆိုထားသည်။

#R007

ဗီဒီယိုများ