- အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
- ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေ
- အင်အားဖြည့်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်
- အီရန်ရှိ နျူကလီးယားစီမံကိန်း နေရာသုံးခုကို အမေရိကန် ဗုံးကြဲ
- ရိုဟင်ဂျာသူပုန်ထမှုကြောင့် ဘင်္ဂလားဒေ့ရှ်၏ ဒုက္ခသည်အကျပ်အတည်း ပိုဆိုးရုံသာရှိမည်
မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
အသက် ၂၇ နှစ်အရွယ် မာမတ်ဂျူနိုက်မှာ ယနေ့ (ဖေဖော်ဝါရီ ၅ ရက်)၊ နံနက် ၆ နာရီခွဲခန့်က နေအိမ်ရှေ့တွင် မျက်နှာသစ်ရန်သွားစဉ် မိုင်းနင်းမိ၍ ညာခြေထောက် ပြတ်ထွက်သွားခြင်းဖြစ်သည်။
05 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၅
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ရွှေဇားအုပ်စု၊ ဂုံးနားကျေးရွာမှ မွတ်ဆလင်အမျိုးသားတစ်ဦးမှာ နေအိမ်ခြံထဲတွင် မိုင်းနင်းမိ၍ ခြေတစ်ဖက်ပြတ်ထွက်ပြီး ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း သိရသည်။
အသက် ၂၇ နှစ်အရွယ် မာမတ်ဂျူနိုက်မှာ ယနေ့ (ဖေဖော်ဝါရီ ၅ ရက်)၊ နံနက် ၆ နာရီခွဲခန့်က နေအိမ်ရှေ့တွင် မျက်နှာသစ်ရန်သွားစဉ် မိုင်းနင်းမိ၍ ညာခြေထောက် ပြတ်ထွက်သွားခြင်းဖြစ်သည်။
" စစ်ဘေးရှောင်ပြီး အိမ်ပြန်ရောက်ကြတာ မကြာသေးဘူး။ ဒီလိုဖြစ်သွားတာ။ အဓိကတော့ နေအိမ်တွေထဲမှာ မိုင်းတွေရှိနေတော့ စိုးရိမ်နေရတယ်။ ဒဏ်ရာရသူကိုတော့ နီးစပ်ရာဆေးခန်းမှာ အရေးပေါ် ဆေးကုသနေတယ်" ဟု ဒေသခံ မွတ်ဆလင်တစ်ဦးက ပြောသည်။
ဂုံးနားကျေးရွာသားများမှာ မောင်တောတိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီးနောက် ယခုနှစ်၊ ဇန်နဝါရီလ တတိယအပတ်တွင် ပြန်လည်ဝင်ရောက်နေထိုင်နေကြခြင်းသည်။
အဆိုပါ ကျေးရွာတွင် ဇန်နဝါရီ ၂၉ ရက်ကလည်း အသက် ၇ နှစ်အရွယ် ကုရ်ရှိတ်အာလာမှာ နေအိမ်အောက်တွင် မြေမြှုပ်မိုင်းနင်းမိ၍ ညာဘက်ခြေထောက်ပြတ်ထွက် ဒဏ်ရာဖြင့် ဆေးကုနေစဉ် သေဆုံးသွားခဲ့သည်။
မောင်တောတိုက်ပွဲကာလအတွင်း ဂုံးနားကျေးရွာတွင် စစ်ကောင်စီတပ်များ စခန်းချနေထိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိ အာရက္ခတပ်တော် သိမ်းပိုက်ထားသည့်နေရာများမှာ ဒေသခံများမှာ မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်များကို ကြုံတွေ့နေရဆဲဖြစ်သည်။
" မောင်တော ဒေသံတွေကတော့ တဖြည်းဖြည်းနဲ့ နေရပ်ပြန်ကြပြီ။ ဒါပေမဲ့လည်း မိုင်းအန္တရာယ် ရှိနေသေးတယ်။ ဒါကြောင့် AA ကလည်း ထိရောက်တဲ့ မိုင်းရှင်းလင်းရေးတွေလုပ်ပေးဖို့လိုအပ်နေသေးတယ် " ဟု နောက်ထပ် မောင်တောဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင် မိုင်းနှင့် စစ်ကျန်လက်နက် အန္တရာယ်ကြောင့် တောတောင်အမှီပြု၍ လုပ်ကိုင်စားသောက် နေကြသည့် ဒေသခံများမှာ စားဝတ်နေရေး ထိခိုက်မှုများရှိနေသည်။
DMG မှ ကောက်ယူထားသည့်စာရင်းအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၅ ရက်အထိ မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ရခိုင်ဒေသတွင် ထိခိုက်သေဆုံးသူ ၁၀ ဦးအထိ ရှိလာသည်။