ရခိုင်တွင် ခြင်နှိမ်နှင်းရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်လာ 

ပြည်သူများအနေဖြင့်လည်း ကိုယ့်အိမ်ပတ်ဝန်းကျင်သန့်ရှင်းရေး အခြေခံအချက်များကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။ 

By Admin 26 Jul 2023

မြောက်ဦးမြို့နယ်တွင် မြောက်ဦးလူငယ်များအစည်းအရုံး(MUYA)က ခြင်ဆေးဖြန်းနေစဉ်။
မြောက်ဦးမြို့နယ်တွင် မြောက်ဦးလူငယ်များအစည်းအရုံး(MUYA)က ခြင်ဆေးဖြန်းနေစဉ်။

DMG ၊ ဇူလိုင် ၂၆

ရခိုင်ပြည်တွင် ခြင်ကြောင့်ဖြစ်သော ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားရောဂါ အဖြစ်များနေပြီး နေမကောင်းသူလည်း အများအပြားရှိနေသောကြောင့် ခြင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် လိုအပ်လာကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၂၁ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၆၃ ဦးအထိရှိလာပြီး အများစုမှာ အသက် ၁၅ နှစ်အောက် ကလေးငယ်များဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက DMG ကို ပြောထားသည်။ 

သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ မိုခါမုန်တိုင်းအလွန်တွင် သိသိသာသာ မြင့်တက်လာပြီး မေလတွင် ၈၈ ဦး၊ ဇွန်လတွင် ၄၉၁ ဦး၊ ဇူလိုင်လတွင် ၃၅၆ ဦးအထိ တွေ့ရပြီး ငှက်ဖျားရောဂါ ဖြစ်ပွားမှုများလည်း ရှိနေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ခြင်ပေါက်ဖွားမည့်နေရာ ပေါများနေခြင်းကြောင့်ဟု ကျန်းမာရေးအသိုင်းအဝိုင်းက ပြောသည်။ 

မြောက်ဦးမြို့နယ် လေးမြို့ချောင်းဒေသက လက်ပံတောကျေးရွာတွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကလေးငယ် ၃၀ ခန့် ဖျားနေပြီး ၉ နှစ်အရွယ် ကလေးတစ်ဦးတွင် ငှက်ဖျားရောဂါပိုး စစ်ဆေးတွေ့ရှိသည့်အတွက် ကျေးရွာတွင်း ခြင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။   

လက်ပံတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသာစံအောင်က “ကျနော်တို့ရွာမှာ ခြင်ဆေးတွေဖြန်းပေးဖို့ လိုအပ်နေပါတယ်။ ခြင်ကလည်း အရမ်းကိုက်တယ်။ အရင်နှစ်တွေကထက် ပေါလာတယ်။ ကျန်းမာရေးဌာနအနေနဲ့ ကျနော်တို့ ရွာတွေမှာ အတတ်နိုင်ဆုံး ခြင်ဆေးတွေ ဖြန်းပေးစေချင်ပါတယ်။ ပြီးတော့ ကျေးလက်ဆေးခန်းတစ်ခုလည်း ချပေးစေချင်ပါတယ်” ဟု ပြောသည်။ 

ကျန်းမာရေးဌာနအနေဖြင့် လက်ရှိမိုးတွင်းကာလမှာ ခြင်ဆေးဖြန်းခြင်းနှင့် သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နှင်းရေးတို့ကို  ရခိုင်က မြို့နယ်တိုင်းတွင် လုပ်ဆောင်နေသော်လည်း ဝေးလံခေါင်ဖျားပြီး သွားလာရန်ခက်ခဲသည့် နေရာများသို့ မရောက်နိုင်သေးကြောင်း ဆိုသည်။

“သွေးလွန်တုပ်ကွေးအဖြစ်များတဲ့ မြို့နယ်တွေမှာဆိုရင် တစ်ပတ်ကို အနည်းဆုံး သုံးရက်၊ ခြင်းဆေးမှုတ်တာ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်တာတို့ နောက်ပြီး ခြင်၊ ပိုးလောက်လန်းသေဆေးခတ်တာတို့၊ ရေကန်တွေ ပိုးလောက်လန်း ရှိမရှိစစ်တာ၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ပေးနေပါတယ်” ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်ဇော်အောင်က ပြောသည်။  

ပြည်သူများအနေဖြင့်လည်း ကိုယ့်အိမ်ပတ်ဝန်းကျင်သန့်ရှင်းရေး အခြေခံအချက်များကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ နှင့် ၁၂ ရက်နေ့တို့တွင် ကျန်းမာရေးဦးစီးဌာနက စစ်တွေမြို့ပေါ်ရှိ မကျည်းမြိုင်၊ စက်ရုံစုနှင့် ပြည်တော်သာ ရပ်ကွက်တို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ကွင်းဆင်းလုပ်ဆောင်ခဲ့ကြောင်း MRTV  သတင်းတစ်ရပ်တွင် ဖော်ပြသည်။ 

ကျန်းမာရေးဌာနအနေဖြင့် မြို့ပေါ်တစ်ခုတည်းသာမက ကျေးလက်ဒေသများတွင်လည်း ခြင်ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများလုပ်ဆောင်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။ 

“ကျန်းမာရေးဌာနကို တောင်းဆိုချင်တာကတော့ အသိပညာပေး Camping တွေ လုပ်ဆောင်စေချင်တယ်။ ကျေးလက်ဒေသတွေကိုလည်း လက်လှမ်းမီသလောက် ခြင်ဆေးဖြန်းတာတွေ၊ အသိပညာပေးတာမျိုးတွေ သွားရောက်လုပ်ပေးနိုင်ရင် ပိုကောင်းမယ်” ဟု စစ်တွေအခြေစိုက် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း ဥက္ကဌ ကိုလင်းလင်းက ပြောသည်။ 

ရခိုင်ပြည်အတွင်း ခြင်နှင့်ဆက်စပ်သော ရောဂါများကို ကာကွယ်နှိမ်နှင်းရေးအတွက် လူမှုကူညီရေးအဖွဲ့များက တစ်ပိုင်တစ်နိုင် လုပ်ဆောင်နေသော်လည်း လုံလောက်မှုမရှိကြောင်း ပြောဆိုကြသည်။

“ကျနော်တို့က ခြင်နဲ့ဆက်စပ်တဲ့ရောဂါတွေကို ကာကွယ်နှိမ်နှင်းဖို့ အခြေခံအချက်တွေကို အသိပညာပေးတာရှိတယ်။ ကျန်းမာရေးဌာနမှာလိုမျိုး ခြင်ဆေးဖြန်းတာတွေ မလုပ်နိုင်သေးဘူး။ မဟုတ်ရင် နေရာတိုင်းကို ဖြန်းပေးလို့ရပါတယ်။ ပြီးတော့ အဲဒီစက်တစ်လုံးဝယ်ဖို့ကလည်း မလွယ်ဘူး။ စက်တစ်လုံးကို သိန်း ၂၀ ကနေ ၃၀ လောက်ထိရှိတယ်” ဟု ဘူးသီးတောင်မြို့က အနောက်တံခါးလူမှုကူညီကယ်ဆယ်ရေးအသင်း (WDAB) တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ကုလသမဂ္ဂလူသားချင်းဆိုင်ရာညှိနှိုင်းရေးရုံး၏ ဇူလိုင်လ ၂၆ ရက် ထုတ်ပြန်ချက်တွင် - ရခိုင်ပြည်က မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများမှာ မိုးတွင်းကာလ ခြင်မှတဆင့် ကူးစက်ဖြစ်ပွားတတ်သော ရောဂါများ၏ ခြိမ်းခြောက်မှုကို ခံနေရဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ 

#I003

ဗီဒီယိုများ