- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
- စစ်တပ်အကြံ အောင်ပွဲခံမည်လား
- တော်လှန်ရေးတပ်များ လှုပ်ရှားစိုးမိုးမှုအောက်က မြန်မာအရှေ့တောင်ပိုင်းဒေသ
- ၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား
စစ်တွေမြို့အာကျိတ်တော်ကုန်းမှ စွန့်ပစ်အမှိုက်များကို မန်စီသုသာန်သို့ ပြောင်းရွှေ့ပြီးနောက် အာကျိတ်တော်ကုန်းတွင် စီမံကိန်းတစ်ခုခုပြုလုပ်မည်ဟု ပြည်နယ်ကောင်စီဆို
ရခိုင်ပြည် စစ်တွေမြို့တွင် အမှိုက်များစွန့်ပစ်နေသည့် အာကျိတ်တော်ကုန်းနေရာတွင် စွန့်ပစ်ခြင်းမပြုတော့ဘဲ လာမည့် ဇွန်လ ၁ ရက်နေ့က စတင်ကာ မန်စီသုသာန်နောက်သို့ ပြောင်းရွှေ့ စွန့်ပစ်မည်ဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ သိရသည်။
22 May 2021

DMG ၊ မေ ၂၂
ရခိုင်ပြည် စစ်တွေမြို့တွင် အမှိုက်များစွန့်ပစ်နေသည့် အာကျိတ်တော်ကုန်းနေရာတွင် စွန့်ပစ်ခြင်းမပြုတော့ဘဲ လာမည့် ဇွန်လ ၁ ရက်နေ့က စတင်ကာ မန်စီသုသာန်နောက်သို့ ပြောင်းရွှေ့ စွန့်ပစ်မည်ဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ သိရသည်။
ယခင်စွန့်ပစ်နေသည့် အာကျိတ်တော်ကုန်းနေရာသည် မြို့ပေါ်နှင့်နီးစပ်သည့်နေရာတွင်ရှိပြီး စွန့်ပစ်အမှိုက်များမှ အနံ့ဆိုးများထွက်ခြင်း၊ အမှိုက်များအား မီးရှို့စနစ်ကျင့်သုံးသော်လည်း ဘေးပတ်ဝန်ကျင်သို့ မီးခိုးငွေ့များ ပျံ့နှံ့မှုများရှိသဖြင့် ပြောင်းရွေ့ရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက ပြောသည်။
“စည်ပင်ကို စစ်တွေမြို့က ထွက်တဲ့ အမှိုက်တွေကို အရင်နေရာ အာကျိတ်တော်ကုန်းမှာ မပစ်ပဲ ဇွန်လ ၁ ရက်နေ့က စလို့ မန်စီသုသာန်နောက်ကို ပြောင်းရွှေ့ပစ်ဖို့ ပြောထားတယ်။ အခု အမှိုက်ပုံက အနံ့ဆိုးတွေနံတယ်။ မီးခိုးနံ့တွေက ဘေးနားက ပတ်ဝန်ကျင်အထိ ရောက်တယ်။ မီးခိုးဒဏ်တွေကို မခံနိုင်။ အဲဒီ မီးခိုးနံ့တွေက မြို့ပေါ်အထိ ရောက်တဲ့အတွက်ကြောင့် အဲဒီအမှိုက်ကျင်းကို နေရာပြောင်းသင့်တယ်လို့ ယူဆပြီးတော့ ပြောင်းရွှေ့မှာဖြစ်တယ်” ဟု ပြောသည်။
ယခု အသစ်စွန့်ပစ်ရမည့် နေရာသည် မန်စီကျေးရွာအနီးတွင် ရှိခြင်းဖြစ်ပြီး အာကျိတ်တော်ကုန်းမှ အမှိုက်များအား တဖြည်းဖြည်းရှင်းလင်းပြီး ၎င်းနေရာသည် အစိုးရမှစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေနေရာဖြစ်သဖြင့် နောက်ပိုင်းတွင် စီမံကိန်းတစ်ခုခု ပြုလုပ်သွားမည်ဟု ဦးသန်းထွန်းက ဆက်လက်ပြောသည်။
“အာကျိတ်တော်ကုန်းက အမှိုက်တွေကို တဖြည်းဖြည်းရှင်းလင်းပြီးတော့ အဲဒီမြေက အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေဖြစ်တဲ့အတွက် စီမံကိန်းတစ်ခုခုလုပ်သွားမယ်” ဟု ဦးသန်းထွန်းက ပြောသည်။
ယခင် အာကျိတ်တော်ကုန်းနေရာတွင် စွန့်ပစ်အမှိုက်များအား မီးရှို့မှုများကြောင့် ဘေးပတ်ဝန်းကျင်တွင် နေထိုင်သူများအနေဖြင့် မီးခိုးငွေ့များအား နေ့စဉ်နှင့်အမျှ ရှူရှိုက်နေရခြင်းကြောင့် သက်ကြီးရွယ်အိုများမှာ နာမကျန်းဖြစ်နေသူများလည်း ရှိနေကြသည်။