မြေပုံမြို့နယ်မှ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ပြိုပျက်နေသဖြင့် အသစ်ဆောက်ရန် လိုအပ်နေ

စာသင်ကျောင်းပြုပြင်ရန်အတွက် ကျောင်းအုပ်ဆရာကြီးနှင့် ရွာသူ/ရွာသားများသည် ၂၀၁၈ ခုနှစ်က မြို့နယ်ပညာရေးမှူးရုံးသို့ တင်ပြတောင်းဆိုခဲ့ကြသော်လည်း ယနေ့အချိန်ထိ ထူးခြားမှုမရှိသေးကြောင်း ရွာသူ/ရွာသားများက ပြောသည်။

By Admin 17 Feb 2023

ပြိုပျက်နေသော လီသွန်မူလွန်ကျောင်းဆောင်ကို လက်ရှိမြင်တွေ့ရစဉ်။
ပြိုပျက်နေသော လီသွန်မူလွန်ကျောင်းဆောင်ကို လက်ရှိမြင်တွေ့ရစဉ်။

DMG ၊ ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာအုပ်စု လီသွန်ကျေးရွာရှိ အခြေခံပညာမူလတန်း(လွန်) စာသင်ကျောင်းမှာ အလွန်အမင်း ပြိုပျက်နေသောကြောင့် အသစ်တည်ဆောက်ပေးရန် လိုအပ်နေကြောင်း သတင်းရရှိသည်။

စာသင်ကျောင်းပြုပြင်ရန်အတွက် ကျောင်းအုပ်ဆရာကြီးနှင့် ရွာသူ/ရွာသားများသည် ၂၀၁၈ ခုနှစ်က မြို့နယ်ပညာရေးမှူးရုံးသို့ တင်ပြတောင်းဆိုခဲ့ကြသော်လည်း ယနေ့အချိန်ထိ ထူးခြားမှုမရှိသေးကြောင်း ရွာသူ/ရွာသားများက ပြောသည်။

“ကျနော်တို့ရပ်ရွာက မျိုးဆက်သစ်လူငယ်တွေအတွက် ကျောင်းဆောင်သစ်ရရှိဖို့ အဖက်ဖက်က ကူညီပေးကြစေချင်ပါတယ်။ သက်ဆိုင်ရာတွေအနေနဲ့လည်း  ကျနော်တို့ကျေးရွာသူ ကျေးရွာသားတွေကို သနားငဲ့ညှာသောအားဖြင့် အမြန်ကူညီဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု ကျေးရွာလူကြီး  ဦးမောင်သိန်းက ပြောသည်။

လီသွန်ကျေးရွာရှိ အခြေခံပညာမူလတန်း(လွန်) စာသင်ကျောင်းမှာ မူလတန်းမှ အလယ်တန်းထိ ကျောင်းသူ/သား ၇၀ ဦးခန့်ရှိပြီး ကျောင်းဆရာ/မ ၇ ဦးရှိကြောင်း သိရသည်။ 

အဆိုပါစာသင်ကျောင်းကို လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်က  မူလတန်းအဆင့်ဖြင့် ရွာသူ/သားများက ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့ကြခြင်းဖြစ်ပြီး  ၂၀၁၄ ခုနှစ်တွင် မူလွန်အဆင့် တိုးမြှင့်သတ်မှတ်ခဲ့သည်။ ၂၀၁၆ ခုနှစ် အရောက်တွင် ကျောင်းဆောင်အစိတ်အပိုင်းတချို့ ပြိုကျပျက်စီးလာခဲ့သည်။ 

ပြိုပျက်နေသော လီသွန်မူလွန်ကျောင်းဆောင်ကို လက်ရှိမြင်တွေ့ရစဉ်။

သွပ်မိုး၊ ထရံကာ၊ ကြမ်းခင်း ကျောင်းဆောင်အမျိုးအစားဖြစ်ပြီး လက်ရှိမှာ သွပ်ပြားများပေါက်ပြဲနေခြင်း၊ အကာအရံများပျက်စီးနေခြင်းနှင့် ကျောင်းဆောင်တစ်ခုလုံးမှာလည်း ဆွေးမြေ့ပျက်စီးနေသဖြင့် ဆရာ/မများနှင့် ကျောင်းသူ/သားများအတွက် အန္တရာယ်ရှိနေ၍ ပြီးခဲ့သည့် ၂၀၂၂ ပညာသင်နှစ်ကို ယင်းကျောင်းဆောင်မှ ရွေ့ပြောင်းကာ ကျေးရွာအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် အဆောက်အဦးတစ်ခုတွင် အခက်အခဲများစွာဖြင့် ပညာသင်ကြားခဲ့ရသည်။

“စာသင်ဆောင်မဟုတ်ဘဲ အခြားနေရာမှာသင်ရတာဆိုတော့ သင်ကြားရေးပိုင်းအတွက် အခက်အခဲတွေက အများကြီးရှိပါတယ်။ အရင်စာသင်ဆောင်ကလည်း အကုန်ဆွေးပြီးပျက်စီး‌နေတော့ ဘယ်လိုမှကို အဆင်မပြေတော့ဘူး။ ကျမအနေနဲ့ပြောရရင်တော့ ကျောင်းသားတွေအနာဂါတ်အတွက် စာသင်ဆောင်လေးတော့ ကောင်းကောင်း ရှိစေချင်ပါတယ်” ဟု ယင်းကျေးရွာတွင် တာဝန်ကျနေသည့် အလယ်တန်းပြ ဆရာမ ဒေါ်နွယ်နီခင်က DMG ကိုပြောသည်။

လက်ရှိအသုံးပြုနေရသည့် အဆောက်အဦးမှာလည်း တစ်နှစ်အတွက်သာ အကူအညီတောင်းခံထားခြင်းဖြစ်၍ လာမည့်ပညာသင်နှစ်အတွက် ပညာသင်ကြားရန်နေရာ မသေချာသေးသဖြင့် ပညာရေးဌာနအနေဖြင့် အမြန်ဆုံး ကူညီဆောင်ရွက်စေလိုကြောင်း ဆရာမ ဒေါ်နွယ်နီခင်က ဆက်ပြောသည်။

ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရေးကိစ္စနှင့် ပတ်သက်၍ မြေပုံမြို့နယ် ပညာရေးမှူး ဦးအောင်ကြီးထံ DMG က ဆက်သွယ်ခဲ့ရာ “ကျနော်တို့တော့ အထက်ကို တင်ပြထားပါတယ်။ ဒီနှစ်(ဘတ်ဂျတ်မှာ)ပါလာမယ်ထင်တယ်။ ကျနော်ကတော့ ဦးစားပေးမှာ တင်ပြထားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ပြိုပျက်နေသော လီသွန်မူလွန်ကျောင်းဆောင်ကို လက်ရှိမြင်တွေ့ရစဉ်။

သို့သော်လည်း လာမည့်နှစ်တွင် ကျောင်းဆောင်သစ်မရရှိခဲ့ပါက ကျေးရွာနှင့် ၅ မိုင်ခန့်ဝေးသည့် စညှင်းကျေးရွာရှိ စာသင်ကျောင်းတွင် သွားရောက်သင်ကြားရမည်ဖြစ်သဖြင့် သားသမီးများ၏ပညာရေးအတွက် မိဘများက စိုးရိမ်နေကြသည်။

ကျောင်းသားမိဘဖြစ်သူ ဦးမောင်ချမ်းသာက “ ဒီကျောင်းဆောင်လေးရဖို့ ကျနော်တို့ ရွာသူရွာသားတွေနဲ့အတူ ကျောင်းဆရာ/မတွေနဲ့ ကျောင်းအုပ်ကြီးကပါ ကြိုးပမ်းခဲ့ကြတာ တော်တော်လေး ကြာပါပြီ။ ကျနော်တို့ဟာ ကလေးတွေရဲ့ပညာရေးကို လိုလားကြသူတွေပါ။ အခုလိုအခက်အခဲတွေနဲ့ဆို ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးက မတွေးရဲလောက်အောင် ဖြစ်ရပါတယ်” ဟု ပြောသည်။

လီသွန်ကျေးရွာသည် စစ်တွေ-ရန်ကုန် ကားလမ်းအနီးတွင်တည်ရှိပြီး အိမ်ခြေ ၁၃၅ အိမ်၊ လူဦးရေ ၅၀၀ ကျော် နေထိုင်လျက်ရှိကြောင်း သိရသည်။ 

#I008

ဗီဒီယိုများ