- ဖားကန့်တိုက်ပွဲဂယက် ရွှေ့ပြောင်းလုပ်သားများ စားဝတ်နေရေး ကျပ်တည်းလာ
- အာရက္ခပြည် ပထဝီ စီးပွားရေးကို လေ့လာဆန်းစစ်ခြင်း
- ရခိုင်တွင် လူမျိုးဘာသာမရွေး ကလေးများ အခမဲ့ပညာသင်နိုင်ရန် ကြိုးပမ်းနေကြ
- သာပေါင်း ခမရ ၃၀၈ တွင် ကာကင်းစခန်းများတိုးချဲ့ကာ ခံစစ်ပြင်
- စစ်ကောင်စီနှင့် NUG ဆွေးနွေးရန် အချိန်သင့်ပြီဟု အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ်ပြော
သာပေါင်း ခမရ ၃၀၈ တွင် ကာကင်းစခန်းများတိုးချဲ့ကာ ခံစစ်ပြင်
တော်လှန်ရေးတပ်များ ထိုးစစ်ဆင်လာမည်ကို စိုးရိမ်၍ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် အခြေစိုက် စစ်ကောင်စီ ခမရ (၃၀၈) တပ်ရင်းတွင် ကာကင်းစခန်းများ တိုးချဲ့တည်ဆောက်လုပ်ကာ စစ်အင်အားများကိုလည်း ဖြည့်တင်းထားကြောင်း သိရသည်။
23 May 2025

DMG ၊ မေ၂၃
တော်လှန်ရေးတပ်များ ထိုးစစ်ဆင်လာမည်ကို စိုးရိမ်၍ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် အခြေစိုက် စစ်ကောင်စီ ခမရ (၃၀၈) တပ်ရင်းတွင် ကာကင်းစခန်းများ တိုးချဲ့တည်ဆောက်လုပ်ကာ စစ်အင်အားများကိုလည်း ဖြည့်တင်းထားကြောင်း သိရသည်။
အဆိုပါ တပ်ရင်းတွင် မြောင်းမြနှင့် ရန်ကုန်ကနေ ပြည့်သူစစ်အင်အားများကိုလည်း ယခုရက်ပိုင်းတွင် ဖြည့်တင်းကာ ခံစစ်ပြင်နေခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
" အထူးသဖြင့် အရင်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သာပေါင်း- မကျီးဇင် လမ်းပိုင်းကနေ တော်လှန်ရေး ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်လာမှာကို စိုးရိမ်ပြီးတော့ ခံစစ်ပြင်ဆင်နေတဲ့ သဘောပေါ့။ မြောင်းမြဖက်က တပ်အင်အားတွေနဲ့ ရန်ကုန်ဖက်က ပြည်သူစစ်အင်အားတွေလည်း တပ်ရင်းထဲမှာ ဖြည့်တင်းထားပါတယ် " ဟု ၎င်းက ပြောသည်။
ယင်းအပြင် သာပေါင်း - မကျီးဇင်ကားလမ်းရှိ သဲဖြူကျေးရွာတွင် အခြေစိုက်ထားသော စစ်ကောင်စီစခန်းက မကြာခဏဆိုသလို လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများရှိကြောင်း ဒေသခံများက ပြောသည်။
သာပေါင်းမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီနှင့် မတ်လအတွင်းတို့က တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့အကြား နှစ်ဖက်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ ရှေ့တန်းကာကင်းစခန်း အချို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ကြသည်။
လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်တို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား နှစ်ဖက်တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီသည် ပုသိမ် -မုံရွာကားလမ်းဘေးရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ဒေသခံ ထောင်နှင့်ချီထွက်ပြေးနေကြရကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်နှင့် ဆက်စပ်နေသည့် ဧရာဝတီတိုင်းက မြို့နယ်များကို စစ်ကောင်စီက စစ်ဆေးရေး တင်းကျပ်ထားပြီး ကုန်စည်စီးဆင်းမှုများကိုလည်း ဖြတ်တောက်ထားသည့်အတွက် ရခိုင်ရိုးမအောက်ရှိ ကျေးရွာများတွင် ရိက္ခာနှင့် စက်သုံးဆီပြတ်တောက်မှုများ ဖြစ်နေသည်။
လေးမျက်နှာဒေသခံတစ်ဦးက " စစ်ကောင်စီက အခုတိုက်ပွဲဖြစ်ပွားနေတဲ့ ပုသိမ်-မုံရွာ ကားလမ်းကို ကုန်စည်တွေနဲ့ စက်သုံးဆီ လုံးဝ သယ်ယူခွင့်မရှိဘူး။ အရင်တုန်းကရှိတဲ့ ကုန်စည်းတွေကလည်း ကုန်ခါနီးနေကြပြီဆိုတော့ ဈေးနှုန်းတွေက အရင်ကထက် နှစ်ဆကျော် တက်နေပြီ။ မိသားစု တစ်စားစာ သယ်ချင်ရင်တောင် ရပ်ကျေးထောက်ခံစာနဲ့ ဂိတ်အဆင့်ဆင့်ဖြတ်ကျော်ပြီးမှ သယ်လို့ရတာ" ဟု ပြောသည်။
ဧရာဝတီတိုင်းတွင် အာရက္ခတပ်တော်နှင့် ဒေသခံ ပြည်သူကာကွယ်ရေးတပ်တို့က ပူးပေါင်းပြီး လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်၊ သာပေါင်းနှင့် ပုသိမ်မြို့နယ်တို့တွင် စစ်ရေးဖော်ဆောင်နေကြခြင်း ဖြစ်သည်။