မောင်တောမြောက်ပိုင်း စစ်ဆေးရေးဂိတ်များတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ သွားလာခွင့်ပြု

ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီ စစ်ဆေးဂိတ်များတွင် ခရီးသွားပြည်သူများကို ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှသာ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင့် ဒေသခံများထံမှ သိရသည်။

By Admin 24 Apr 2023

ကျီးကန်းပြင် အမှတ်(၁) နယ်ခြားစောင့် ရဲကွက်ကဲမှုအဖွဲ့ရုံး။ (ဓာတ်ပုံ - DVB)
ကျီးကန်းပြင် အမှတ်(၁) နယ်ခြားစောင့် ရဲကွက်ကဲမှုအဖွဲ့ရုံး။ (ဓာတ်ပုံ - DVB)

DMG ၊ ဧပြီ ၂၄

ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီ စစ်ဆေးဂိတ်များတွင် ခရီးသွားပြည်သူများကို ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှသာ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင့် ဒေသခံများထံမှ သိရသည်။

တကျော့ပြန်တိုက်ပွဲကာလ ၂၀၂၂ ခုနှစ် သြဂုတ်လက စတင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းသည့်အခါ ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံစာ မပါရှိပါက ဖြတ်သန်းသွာလာခွင့် မပြုကြောင်း မောင်တောဒေသခံများက ပြောသည်။ 

မောင်တောမြို့နယ်၊ မင်္ဂလာညွန့်ကျေးရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “ကျနော်တို့ မောင်တောမြို့ကို သွားမယ်ဆိုရင် အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှ သွားလို့ရတယ်။ ထောက်ခံစာမပါဘူးဆိုရင် စစ်ဆေးရေးဂိတ်တွေက ဖြတ်ခွင့်မပေးဘူး။ ရဲထောက်ခံစာတော့ မလိုဘူး။ အုပ်ချုပ်ရေးမှူးထောက်ခံစာယူပြီး သွားရတာက အခုဆိုရင် ၈ လလောက် ရှိပြီ” ဟု ၄င်းကဆို သည်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်များဖြစ်သည့် ကြိမ်ချောင်းနှင့် ကျီးကန်းပြင်ဌာနချုပ် စစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူများအား အုပ်ချုပ်ရေးမှူးထောက်ခံစာ စစ်ဆေးနေခြင်းဖြစ်သည်။ 

မောင်တောမြောက်ပိုင်းတွင် တောင်ပြိုလက်ဝဲ၊ မင်းကြီး၊ ရန်အောင်ပြင်၊ ဝက်ကျိန်း၊ မြဝတီ၊ တမန်းသား စသည့် ကျေးရွာပေါင်း ၃၀ ကျော်ရှိပြီး ထိုသို့ စစ်ဆေးမှုများရှိသည့်အတွက် ဒေသခံများမှာ သွားလာရေးတွင် စိတ်အနှောင့်အယှက်ဖြစ်ကြောင်း ပြောဆိုကြသည်။

“အဲဒီလိုစစ်ဆေးမှုတွေရှိတဲ့အတွက် အချိန်ကြန့်ကြတာပေါ့။ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးစေချင်တယ်။ ကျနော်တို့ထင်တာကတော့ သူတို့က AA နဲ့ဆက်စပ်တဲ့လူတွေရဲ့ အသွားအလာကို စစ်ဆေးတယ်လို့ ထင်ပါတယ်” ဟု မောင်တောမြို့နယ်မြောက်ပိုင်း တမန်းသားကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။

လက်ရှိကာလ အပစ်အခတ်ရပ်စဲနေချိန်တွင် စစ်ကောင်စီအနေဖြင့် ဒေသခံများအား လွတ်လပ်စွာသွားလာခွင့် ပေးသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကပြောသည်။

“သူတို့(စစ်ကောင်စီ)က အကြောင်းပြချက် အမျိုးမျိုးပေးတာပေါ့နော်။ မူးယစ်ဆေးဝါးသမားတွေကို ဖမ်းဖို့အတွက် စစ်ဆေးတာတို့ အကြောင်းပြချက်တွ ေပေးတာပေါ့။ ဒါပေမယ့် ဒီကာလမှာ ပြည်သူတွေကို လွတ်လပ်စွာသွားလာခွင့် ပေးသင့်တယ်။ အချိန်အကြာကြီး စစ်ဆေးနေတာက ပြည်သူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်တော့ ဖြေလျော့ပေးသင့်တယ်လို့ မြင်ပါတယ်” ဟု ၄င်းကဆိုသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ကစပြီး မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ လူသားချင်နာထောက်ထားမှုကို အခြေခံကာ နှစ်ဖက်အပစ်အခတ်ရပ်စဲခဲ့ကြပြီး အပစ်ရပ်ကာလအတွင်း လမ်းပန်းဆက်သွယ်ရေးကို စစ်ကောင်စီကပြန်ဖွင့်ပေးရန် ကတိကတဝတ်များရှိခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုထားသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UNOCHA) ၏ ၂၀၂၃ မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေးအဖွဲများကို စစ်ဆေးရေးဂိတ်များတွင် ကြန့်ကြာမှုများဖြစ်စေသော စိစစ်ခြင်းများရှိကြောင်း ဆိုထားသည်။

#R007

ဗီဒီယိုများ