မောင်တောမြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်ပြီး လမ်းများပိတ်ထား၍ ဒေသခံများပိတ်မိနေ

မောင်တောမြို့နယ်မြောက်ပိုင်း ကွမ်းသီးပင်ကျေးရွာအနီးတွင် ယနေ့(စက်တင်ဘာလ ၂၂ ရက်)၊ မွန်းလွဲ ၁၂ နာရီခန့်မှစ၍ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လယ် ၁ နာရီကျော်ခန့်တွင် ရပ်တန့်သွားသည်ဟု ဒေသခံများကပြောသည်။

22 Sep 2022

မောင်တောမြောက်ပိုင်း ကြိမ်ချောင်းရွာ မြေပုံ။ Photo –Google Map

DMG ၊ စက်တင်ဘာ ၂၂

မောင်တောမြို့နယ်မြောက်ပိုင်း ကွမ်းသီးပင်ကျေးရွာအနီးတွင် ယနေ့(စက်တင်ဘာလ ၂၂ ရက်)၊ မွန်းလွဲ ၁၂ နာရီခန့်မှစ၍ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လယ် ၁ နာရီကျော်ခန့်တွင် ရပ်တန့်သွားသည်ဟု ဒေသခံများကပြောသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမှာ ၁ နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး တောင်ပြိုလက်ဝဲဗျူဟာကုန်းတွင် တပ်စွဲထားသည့် မြန်မာစစ်တပ်မှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ကူပေးခဲ့ကြောင်း အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက DMG ကိုပြောသည်။

“ဘေးနားက ရွာကလူတွေက ဖရိုဖရဲထွက်ပြေးဖို့ လုပ်နေကြတယ်။ တိုက်ပွဲကပြင်းထန်ပါတယ်။ လက်နက်ကြီးတွေ မရေတွက်နိုင်လောက်အောင် အများကြီးပစ်ပါတယ်။ အသံတွေက တဂျိန်းဂျိန်းနဲ့ မြေကြီးတွေတုန်ခါနေတာ ပြောပြဖို့မတတ်ဘူး။ တောင်ပြိုဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးတာပါ“ဟု ၎င်းကပြောသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ကွမ်းသီးပင်ကျေးရွာအနီးတွင် လူနေထိုင်ခြင်းမရှိသော်လည်း အနီးအနားကျေးရွာများဖြစ်သည့် မီးတိုက်၊ သာယာကုန်း၊ သင်္ဘောလှ စသည့်ကျေးရွာများမှ ဒေသခံများမှာ ကြောက်လန့်၍ ထွက်ပြေးရန်ပြင်ဆင်နေကြသည်။ သို့ရာတွင် မောင်တောမြောက်ပိုင်းနှင့် တောင်ပိုင်းကို မြန်မာစစ်တပ်က သွားလာခွင့်ပိတ်ထားသဖြင့် ဒေသခံတို့မှာ ရွာထဲတွင် ပိတ်မိနေကြသည်။

“ရွာထဲမှာ လူစုနေကြပါတယ်။ ကျွန်တော်တို့ဘဝတွေက ထွက်ပြေးဖို့လမ်းလည်း မရှိပါဘူး။ လမ်းက ပိတ်ထားပါတယ်။ ကားတွေလည်းမရှိပါ။ နံသာတောင်က ရွာသားအယောက် ၁၀၀ လောက် ပိတ်မိနေကြပါတယ်။ တောင်ပြိုမြို့နယ်တစ်ခုလုံးက လူအားလုံးထွက်ပြေးဖို့ ပြင်နေကြပါတယ်။ လမ်းကပိတ်ဆို့နေလို့ တစ်ခုမှ ထွက်ပြေးလို့မရဘူးဖြစ်နေကြတာပါ“ဟု နံသာတောင်ကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

လက်ရှိ တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းနိုင်ရန်အတွက် မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခတို့ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ယင်းအပြင် မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်ကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာသားတချို့မှာ မောင်တောမြို့သို့ ထွက်ပြေးတိမ်းရှောင်လာရာမှ မောင်တောမြို့သို့မရောက်ဘဲ လမ်းတွင် ပိတ်မိနေကြောင်းလည်း သိရသည်။

မိုင်တိုင်(၃၅) မီးတိုက်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် စက်တင်ဘာလ(၁၀)ရက်နေ့မှ စတင်ကာ နေရပ်စွန့်ခွာထွက်ပြေးလာရသည့် မီးတိုက်ကျေးရွာသား ၆၀ ဦးခန့်မှာ လက်ရှိတွင် ကြိမ်ချောင်းကျေးရွာ၌ပိတ်မိနေပြီး အောင်မင်္ဂလာစစ်ဆေးရေးဂိတ်က ဖြတ်သန်းသွားလာခွင့် မပေးသည့်အတွက် ပိတ်မိနေခြင်းဖြစ်ကြာင်း မီးတိုက်ကျေးရွာသားတစ်ဦးက DMG သို့ ပြောသည်။

“ရွာနားမှာတိုက်ပွဲဖြစ်လို့ ထွက်ပြေးလာတာ။ အခုလက်ရှိကတော့ ကြိမ်ချောင်းဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြရတယ်။ ကျနော်တို့က မောင်တောကို စစ်ဘေးရှောင်သွားကြတာ အောင်မင်္ဂလာ(စစ်တပ်) စစ်ဆေးဂိတ်က သွားခွင့်မပေးဘူး။ ကျနော်တို့ထွက်လာတဲ့အခါ ကြိမ်ချောင်းဂိတ်မှာ အစစ်ဆေးခံခဲ့ရတယ်။ အခုက ဘုန်းကြီးကျောင်းမှာ ကိုယ့်ဟာကိုယ်ဝယ်ပြီးတော့ စားသောက်နေရတယ်။ ကျနော်တို့ရောက်နေတာ ၁၀ ရက်ကျော်လောက်ရှိပြီ”ဟု ၎င်းကဆိုသည်။

ယင်းအပြင် မောင်တောမြောက်ပိုင်းကျေးရွာများဖြစ်သည့် မင်္ဂလာညွန့်၊ မင်းခမောင်း၊ တမန်းသား၊ ခုံတိုင်၊ နန်းရာကိုင်း၊ တရိန်းစသည့် ကျေးရွာ ၂၀ ကျော်မှ ဒေသခံများမှာလည်း ကြိမ်ချောင်းနှင့် အောင်မင်္ဂလာ၊ ကျီးကန်ပြင်၊ စစ်ဆေးရေးဂိတ်တို့မှ ပိတ်ထားသည့်အတွက် ပိတ်မိနေကြောင်း မင်္ဂလာညွန့်ကျေးရွာသားတစ်ဦး က ပြောသည်။

“အခုဆိုရင် အဲဒီဂိတ်တွေက လုံးဝဖြတ်ခွင့်မပေးတော့ဘူး။ တိုက်ပွဲဖြစ်ကတည်းက ရွာသားတွေက မောင်တောကို ထွက်ပြေးသွားကြတာ။ အခုဆိုရင် ရွာမှာလူ ၁၀၀ ကျော်လောက်ပဲ ကျန်ခဲ့တယ်။ အခုက မောင်တောကိုသွားမယ်ဆိုရင်လည်း သွားလို့မရတော့ဘူး။ ရွာမှာလည်း ဆန်ကအစ စားနပ်ရိက္ခာတွေပြတ်လပ်နေပြီ။ နောက်တစ်လလောက်သာ ပိတ်ထားရင် အကုန်လုံးငတ်ကုန်ကြမယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် မောင်တောမြို့ပေါ်တွင် စစ်ဘေးရှောင်ဦးရေ ထောင်နှင့်ချီရှိပြီး အဆိုပါစစ်ဘေးရှောင်များမှာ မောင်တောမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေရကာ စားဝတ်နေရေးများအခက်အခဲရှိကြောင်း မောင်တောမြို့ပေါ်မှ စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးကပြောသည်။

“လက်ရှိမြို့ပေါ်မှာ စစ်ဘေးရှောင် ထောင်နဲ့ချီရှိတယ်။ သူတို့က ဘုန်းကြီးကျောင်းတွေမှာ အသီးသီးခိုလှုံနေကြတယ်။ နောက်ပြီးတော့ တချို့ဆိုရင် လမ်းမှာပိတ်မိနေတာတွေရှိတယ်လို့ သိရတယ်။ အဲဒီမောင်တောမြောက်ပိုင်းကို ဖုန်းတွေတောင် အဆက်အသွယ်မရဘူး။ စစ်ဘေးရှောင်တွေအတွက် စားဝတ်နေရေးကအစ အကုန်လုံး အခက်အခဲတွေရှိတာပေါ့”ဟု ၎င်းကဆိုသည်။

လက်ရှိ စစ်ဘေးရှောင်များနှင့်ပတ်သက်ပြီး ကူညီကယ်ဆယ်ရေးပေးနေသည့် အဖွဲ့အစည်းများကို လွတ်လပ်စွာသွားလာခွင့်ပြုပြီး ကူညီပေးစေလိုကြောင်း စစ်ဘေးရှောင်များကိုကူညီပေးနေသည့် ကိုယ်တော်သဘာဝနဒီက မိန့်ကြားသည်။

“လူသားချင်း စာနာထောက်ထားမှုအနေနဲ့ ကူညီပေးတာကို အစိုးရအနေနဲ့ လွတ်လပ်စွာသွားခွင့်ပေးစေချင်တယ်။ ပရဟိတ အဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေကို သွားလာလှုပ်ရှားပြီးတော့ လွတ်လပ်စွာ လှူဒါန်းခွင့်ပေးပါလို့ပဲ တောင်းဆိုချင်တယ်။ ပြည်သူတွေဒုက္ခရောက်ရင် အဓိက အစိုးရမှာတာဝန်ရှိတယ်။ ဒါပေမယ့် အစိုးရလိုက်လို့ မမှီနိုင်တဲ့နေရာတွေကို ကိုယ်တော်တို့ ပရဟိတအဖွဲ့တွေက ကူညီပေးတာလေ။ သူတို့ တာဝန်ရှိတဲ့အတိုင်း စစ် ဆေးစရာရှိတာကို စစ်ဆေးနိုင်တယ်။ စစ်ဆေးပြီးတော့ လွတ်လပ်စွာ သွားလာခွင်ပေးပါလို့ပဲ တောင်းဆိုချင်တယ်”ဟု မိန့်ကြားသည်။

မောင်တောမြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသသည် မြန်မာစစ်တပ်နှင့် AA တို့အကြား ပြီးခဲ့သည့်သြဂုတ်လမှစတင်ကာ ပြင်းထန်သောတိုက်ပွဲများဖြစ်ပွားနေသည်။

ဗီဒီယိုများ