ရသေ့တောင်က ပညာရေးဝန်ထမ်းအသတ်ခံရမှု အမှုမှန်ပေါ်ရေး သေချာကိုင်တွယ်နေဟု AA ပြော

လက်ရှိတွင် သံသယရှိသူနှစ်ဦးနှင့် ဆက်စပ်သံသယရှိသူတစ်ဦး အပါအဝင် အမှုနှင့်ဆက်စပ်သည့် အသိသက်သေများကို စစ်ဆေးလျက်ရှိကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။ 

By Admin 04 Oct 2023

အသတ်ခံရပြီး သေဆုံးသွားသော အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်
အသတ်ခံရပြီး သေဆုံးသွားသော အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်

DMG ၊ အောက်တိုဘာ ၄ 

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာမှ ပညာရေးဝန်ထမ်း အလယ်တန်းပြဆရာမတစ်ဦး သတ်ဖြတ်ခံရမှုတွင် အမှုမှန်ပေါ်ပေါက်ရေးအတွက် အသေအချာ စိစစ်ကိုင်တွယ်နေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG ကို ပြောသည်။ 

လက်ရှိတွင် သံသယရှိသူနှစ်ဦးနှင့် ဆက်စပ်သံသယရှိသူတစ်ဦး အပါအဝင် အမှုနှင့်ဆက်စပ်သည့် အသိသက်သေများကို စစ်ဆေးလျက်ရှိကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။ 

“အခုထိတော့ တရားခံဘယ်သူလဲဆိုတာကို ပြောလို့ မရသေးဘူး။ အမှုအခြေအနေက လောလောဆယ် ပြောပြနိုင်တဲ့ အထောက်အထားတွေ မရသေးဘူး။ အမှုမှန်ကတော့ ပေါ်လာမှာပါ။ အဲဒါကြောင့် သေချာအောင် စစ်ဆေးနေကြတာ” ဟု ၎င်းက ပြောသည်။ 

စစ်ဆေးနေသည့် သံသယရှိသူ နှစ်ဦးထဲမှ တစ်ဦးမှာ ကျွန်းပေါ်ပေါက်တောကျေးရွာမှ ကိုမောင်မောင်အေး ဖြစ်ပြီး ကျန်တစ်ဦးမှာ မည်သူဖြစ်ကြောင်းကို ULA/AA က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ သံသယရှိသူ ကိုမောင်မောင်အေးကို ULA/AA က ခေါ်ယူစစ်ဆေးနေချိန် စက်တင်ဘာ ၁၉ ရက် ည ၉ နာရီခန့်တွင် ထွက်ပြေးလွတ်မြောက်သွားပြီး စက်တင်ဘာ ၂၆ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးရမိခဲ့သည်။ 

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ကျွန်းပေါ်ပေါက်တောကျေးရွာမှ အသက် ၃၇ နှစ်အရွယ် အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်မှာ ၎င်းနေထိုင်ရာကျေးရွာမှ တာဝန်ကျရာ ပန်းဖော်ပြင် ကျေးရွာသို့ စာပြရန်သွားစဉ် လမ်းခုလတ်တွင် လည်လှီး သတ်ဖြတ်ခံခဲ့ရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် ULA/AA က သံသယရှိသူများကို ခေါ်ယူစစ်ဆေး နေခြင်းဖြစ်သည်။ 

ကျောင်းဆရာမ အသတ်ခံရမှုနှင့်ပတ်သက်၍ ကျွန်းပေါ်ပေါက်တောကျေးရွာမှ အမျိုးသမီးလေးဦးနှင့် ကျောင်းဆရာ တစ်ဦးအပါအဝင် စုစုပေါင်း ဒေသခံ ၁၂ ဦးကို ULA/AA က စစ်ဆေးမေးမြန်းရန် အောက်တိုဘာ ၁ ရက်နေ့နှင့် ၂ ရက် နေ့တို့က ခေါ်ယူသွားကြောင်း ဒေသခံများထံမှ စုံးစမ်းသိရှိရသည်။  

ကျွန်းပေါ်ပေါက်တောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ရီက “အခု စစ်ဆေးဖို့ခေါ်ထားတဲ့လူတွေနဲ့ အဆက်သွယ်မရသေးဘူး။ လေးရက်လောက်ရှိပြီ။ ဘာတွေစစ်ဆေးလဲတော့ မသိရဘူး။ ကျနော်တို့ကတော့ အမှုမှန်ကို အမြန်ဆုံး ပေါ်ပေါက်စေချင်ပြီ” ဟု ပြောသည်။ 

အလယ်တန်းပြဆရာမ သတ်ဖြတ်ခံရမှုတွင် ကျူးလွန်သူကို အမြန်ဆုံးဖော်ထုတ်ကာ ထိရောက်တဲ့ပြစ်ဒဏ်ပေးဖို့ မိသားစုဝင်များ၊ ဒေသခံများ၊ ပညာရေးအသိုင်းအဝိုင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂတို့က တောင်းဆိုနေကြသည်။   

သေဆုံးသွားသူ ကျောင်းဆရာမ၏ မိသားစုဝင် ဒေါ်မှဲ့နီက “အခုဆိုရင် သူဆုံးတာ တစ်လပြည့်တော့မယ်။ အမှုမှန် မပေါ်ပေါက်သေးဘူး။ ဒီလိုနဲ့ အမှုမှန် ပျောက်ကွယ်သွားမှာကို စိုးရိမ်တယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်းက အမျိုးသမီးများမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုတို့ကြောင့် လုံခြုံရေးအာမခံချက်မရှိဖြစ်နေမှုကို သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန် လိုအပ်နေသည်။ 

#R005

ဗီဒီယိုများ