စစ်ကောင်စီရွေး/ကော်ထံ ရခိုင်ပြည်မှ ပါတီ ၆ ခု မှတ်ပုံတင်၊ ပါတီ ၃ ခု ဖျက်သိမ်းခံရ

ရွေးကောက်ပွဲပြုလုပ်မည့်အချိန် မသိရသေးသော်လည်း တစ်နိုင်ငံလုံးတွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီပေါင်း ၅၀ ရှိပြီး၊ ယင်းအထဲတွင် ရခိုင်ပြည်မှ ပါတီ ၆ ခုပါဝင်ကြောင်း စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။ 

By Admin 29 Mar 2023

ပြီးခဲ့သည့် ရွေးကောက်ပွဲကာလ ရခိုင်အမျိုးသားပါတီ၏ မဲဆွယ်စည်းရုံးရေးကမ်ပိန်းတစ်ခု။
ပြီးခဲ့သည့် ရွေးကောက်ပွဲကာလ ရခိုင်အမျိုးသားပါတီ၏ မဲဆွယ်စည်းရုံးရေးကမ်ပိန်းတစ်ခု။

DMG ၊ မတ် ၂၉

ရွေးကောက်ပွဲပြုလုပ်မည့်အချိန် မသိရသေးသော်လည်း တစ်နိုင်ငံလုံးတွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီပေါင်း ၅၀ ရှိပြီး၊ ယင်းအထဲတွင် ရခိုင်ပြည်မှ ပါတီ ၆ ခုပါဝင်ကြောင်း စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ ရက်နေ့ထုတ်ပြန်သော စာရင်းအရ သိရသည်။ 

ရခိုင်ပြည်မှ မှတ်ပုံတင်ထားသည့် ပါတီ ၆ ခုမှာ ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ခမီအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ နှင့် ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ(RSNUP) တို့ဖြစ်သည်။ 

သို့သော်လည်း ရခိုင်ပြည်မှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ တို့မှာ ပါတီမှတ်ပုံမတင်သည့်အတွက် ဖျက်သိမ်းခံလိုက်ရသည်။ 

ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာကော်မတီဝင် ဦးဘရှိန်က “ANP ပါတီအနေနဲ့တော့ ဆက်လက် ရပ်တည်ဖို့လိုအပ်တယ် ဆိုပြီးတော့ လျှောက်ထားတာ။ အရင်ကဆိုရင် ANP ပါတီက တစ်နိုင်ငံလုံး အကျုံးဝင်တဲ့ နိုင်ငံရေးပါတီအဖြစ်နဲ့ လျှောက်ထားနိုင်ခဲ့တယ်။ အခု ဥပဒေအသစ်ရဲ့ ကန့်သတ်ချက်အရ ရခိုင်ပြည်နယ် အတိုင်းအတာလောက်သာ အကျုံးဝင်တဲ့ နိုင်ငံရေးပါတီအဖြစ်နဲ့ လျှောက်ထားတာဖြစ်တယ်” ဟု ဆိုသည်။

လာမည့်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီ ၁၂ ပါတီရှိပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် ပါတီ ၅၁ ပါတီရှိကြောင်း ရွေး/ကော်ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပြဌာန်းခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားရန်နှင့် မလျှောက်ပါက ပါတီ အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

သတ်မှတ်ရက်ပေါင်း ၆၀ ပြည့်ပြီးနောက် မှတ်ပုံတင်သည့်ပါတီများကို စစ်ကောင်စီရွေး/ကော်က ယမန့်နေ့က ထုတ်ပြန်ရာ ယခင်နှစ်များက တစ်နိုင်ငံလုံးတွင် ပါတီ ၉၀ ရှိခဲ့သည့်အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အပါအဝင် ပါတီစုစုပေါင်း ၄၀ ဖျက်သိမ်းခံလိုက်ရသည်။ 

ရခိုင်ပြည်မှ ပါတီဖျက်သိမ်းခံလိုက်ရသော ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ အနေဖြင့် ပါတီမှတ်ပုံတင်ခြင်း ဥပဒေသစ်တွင် ပါရှိသည့် ငွေကြေး၊ ပါတီဝင်အင်အားနှင့် ရုံးဖွင့်လှစ်ရမည့် စည်းကမ်းချက်တို့ကြောင့် ပါတီကို မှတ်ပုံမတင်နိုင်ခဲ့ပေ။ 

“ကျနော်တို့ပါတီက ဒိုင်းနက်လူမျိုးတွေကို ကိုယ်စားပြုပြီးတော့ ဖွဲ့စည်းထားတာ။ အခု မှတ်ပုံမတင်လိုက်ရဘူး ဆိုတော့ ကိုယ့်လူမျိုးကိုယ်စား ပြောဆိုတင်ပြဖို့ဆိုတဲ့ ကိစ္စတွေက အခက်အခဲ ဖြစ်သွားတာပေါ့။ ကိုယ့်လူမျိုးတွေမှာ အခက်အခဲတစ်ခုခုဖြစ်ရင် အရင်က ပြည်နယ်တို့ ဘာတို့ကို တင်ပြတာတွေရှိတယ်။ အခု ပါတီ မှတ်ပုံမတင်လိုက်ရတော့ စိတ်မကောင်းဖြစ်ရတာပေါ့” ဟု ပါတီဥက္ကဌ ဦးအောင်ကျော်ဇောက ပြောသည်။

မတ်လ ၂၈ ရက်နေ့အထိ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံတွင် နိုင်ငံရေးပါတီသစ်အဖြစ် တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၁၃ ခုရှိပြီး၊ ပါတီတည်ထောင်ခွင့် လျှောက်ထားလိုသူများကို ဆက်လက်ခွင့်ပြုထားကြောင်းလည်း သိရသည်။ 

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေအရ လောလောဆယ်မှာ ရွေးကောက်ပွဲကျင်းပမည့်ရက်ကို အတိအကျ မကြေညာနိုင်သေးကြောင်း မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့တွင် သတင်းမီဒီယာများကို ပြောဆိုထားသည်။

လက်ရှိတွင် နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်နေသည့် စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ ချင်း၊ မွန်၊ ကရင်၊ ကယား (ကရင်နီ)၊ ကချင် စသည့်ဒေသမှ မြို့နယ် ၂၇ ခုတွင် စစ်အုပ်ချုပ်ရေးကြေညာထားသည်။

#R007

ဗီဒီယိုများ