ပွိုင့်ကမ်းခြေမှ အန္တရာယ်ရှိသည့်နေရာများတွင် အသိပေးဆိုင်းဘုတ် စိုက်ထူခြင်းအပြင် ထိရောက်သည့် စောင့်ကြည့်မှုများ လုပ်ဆောင်ရန်လို

စစ်တွေပွိုင့်ကမ်းခြေနှင့် စစ်တွေဟိုတယ်အနီး ကမ်းခြေတစ်လျှောက်တွင် အများပြည်သူများ လာရောက်အပန်းဖြေကြသဖြင့် နေ့စဉ်စည်းကားလေ့ရှိသည်။

By Admin 22 Feb 2023

ပွိုင့်ကမ်းခြေမှ အန္တရာယ်ရှိသည့်နေရာများတွင် အသိပေးဆိုင်းဘုတ် စိုက်ထူခြင်းအပြင် ထိရောက်သည့် စောင့်ကြည့်မှုများ လုပ်ဆောင်ရန်လို

DMG ၊ ဖေဖော်ဝါရီလ ၂၂

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေအနီးမှ ရေစီးကြမ်းပြီး အန္တရာယ်ရှိသောနေရာတစ်ဝိုက်တွင် “ရေဆင်းမကူးရ”အသိပေးဆိုင်းဘုတ် သုံးခုကို ပြည်နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့၏ အစီအစဉ်နှင့် ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

လုံးပတ်(၁၈)လက်မ၊ အမြင့် ၁၇ ပေရှိသည့် ကွန်ကရစ်တိုင်ဖြင့် အသိပေးဆိုင်းဘုတ်ပြုလုပ်ခြင်းမှာ လက်ရှိတွင် ပွိုင့်နှင့်အနီးဆုံးနေရာ၌ ဆိုင်းဘုတ်တစ်ခု ပြီးစီးနေပြီဖြစ်သည်။

ဆိုင်းဘုတ်ပြုလုပ်နေသည့် ကိုကျော်အောင်စိန်က “ပေတစ်ရာကျော် အကွာလောက်မှာ တစ်တိုင်ချင်းစီ ပြုလုပ်သွားမှာပါ။ ဒီရေ အတက်အကျကိုလိုက်ပြီး ပြုလုပ်နေရတာဖြစ်တဲ့အတွက် သုံးခုစလုံးကို ဘယ်နေ့မှာ ပြီးစီးမယ်ဆိုတာကိုတော့ မပြောနိုင်သေးပါဘူး၊ ခုလောလောဆယ်တော့ တစ်ခုက လုပ်လို့ပြီးပါတော့မယ်”ဟု ပြောသည်။

ယခုကဲ့သို့ အသိပေးဆိုင်းဘုတ် ပြုလုပ်ခြင်းကို မြို့ခံများကကြိုဆိုကြပြီး ပွိုင့်ကမ်းခြေတစ်လျှောက် အန္တရာယ်ရှိသည့် နေရာအားလုံးကို တားမြစ်ဧရိယာအဖြစ် သတ်မှတ်ကာ ထိထိရောက်ရောက် ပြုလုပ်ရန်လိုကြောင်း ပြောဆိုမှုများလည်းရှိသည်။

သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးကျော်ဇံမောင်က “ဖြစ်နိုင်ရင်တော့ စစ်တွေဟိုတယ်နားအထိ ပြုလုပ်ပေးရင်တော့ ပိုကောင်းပါတယ်။ ရေအနက်ဘယ်လောက်၊ ဘယ်နေရာကဖြင့် အန္တရာယ်ရှိနိုင်တယ် ဆိုပြီးမှ ဆိုင်းဘုတ်စိုက်ထူတဲ့အပြင် သက်ဆိုင်ရာအစိုးရတွေအနေနဲ့ သေချာစောင့်ကြည့် တားမြစ်တာတွေကိုပါ ပြုလုပ်နိုင်မှလည်း အန္တရာယ်တွေ လျော့ကျသွားမှာပါ”ဟု ပြောသည်။

စစ်တွေပွိုင့်ကမ်းခြေအနီးတွင် ရေဆွဲအားပြင်းကာ ရေစီးကြမ်းသည့်အတွက် ရေနစ်မြုပ်သေဆုံးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းကလည်း အဆိုပါပွိုင့်ကမ်းခြေတွင် အသက် ၁၁ နှစ်အရွယ် စတုတ္ထတန်းကျောင်းသား သုံးဦး ရေကစားရာမှ နစ်မြုပ်သေဆုံးခဲ့ရသည်။

စစ်တွေပွိုင့်ကမ်းခြေတွင် CCTV ကင်မရာများ တပ်ဆင်ထားသော်လည်း ပြည်သူများ လုံခြုံရေးအတွက် စောင့်ကြည့်မှုများ အားနည်းနေသေးကြောင်း ဒေသခံများက ထောက်ပြပြောဆိုကြသည်။

“ဒီအပေါ် ကြိုဆိုဝမ်းသာပါတယ်။ ဒါပေမယ့် ဒီထက်ထိရောက်မယ့် အရာတွေကိုပါ ထပ်ပြီး ပြုလုပ်ပေးစေချင်ပါတယ်။ ဒီနေရာက ငပလီတို့ ချောင်းသာတို့လို မဟုတ်ဘူး။ ကျောက်ဆောင်တွေ၊ ရေးဆွဲအားတွေနဲ့ အမြဲတမ်းအန္တရာယ်ရှိတဲ့နေရာ ဖြစ်တာကြောင့်မို့ လူအသက်အန္တယ်ရာယ် ကာကွယ်ရေးအတွက် ထိရောက်တဲ့စောင့်ကြည့်မှုတွေပါ ရှိဖို့လိုပါတယ်”ဟု ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းအသင်း ဥက္ကဌ ဦးမင်းထည်ဝါကပြောသည်။

စစ်တွေပွိုင့်ကမ်းခြေနှင့် စစ်တွေဟိုတယ်အနီး ကမ်းခြေတစ်လျှောက်တွင် အများပြည်သူများ လာရောက်အပန်းဖြေကြသဖြင့် နေ့စဉ်စည်းကားလေ့ရှိသည်။

စစ်တွေပွိုင့်ကမ်းခြေတစ်လျှောက် အန္တရာယ်ရှိသည့်နေရာများတွင် စောင့်ကြည့်မှုများပြုလုပ်ရန် ရှိ/မရှိကို သိနိုင်ရန် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို DMG မှ ဆက်သွယ်နေဆဲဖြစ်သဖြင့် တုန့်ပြန်ချက်တစ်စုံတစ်ရာ မရရှိသေးပေ။

စစ်တွေအခြေစိုက် မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်းမှ ကောက်ယူထားသည့် စာရင်းအရ ၂၀၂၂ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအထိ ၂ လအတွင်း စစ်တွေပွိုင့်ကမ်းခြေတွင် ရေနစ်သေဆုံးသူ ၅ ဦးရှိခဲ့ကြောင်း သိရသည်။

#I008

ဗီဒီယိုများ