ပြည်ပဝယ်လိုအားမရှိ၍ ပြောင်းစိုက်တောင်သူများ အရှုံးပေါ်နိုင် 

လက်ရှိတွင် ပြောင်းပေါ်စရာသီဖြစ်သော်လည်း ပြောင်းတစ်ပိဿာလျှင် ခြံဖြတ်ဈေး ၈၈၀ ကျပ်မှ ၉၀၀ ကျပ်ရှိပြီး ပြောင်းအစိုတစ်ပိဿာလျှင် ခြံဖြတ်ဈေး ၆၄၀ ကျပ်ခန့်သာရှိနေသည်။  

By Admin 07 Oct 2023

ဓာတ်ပုံ - စားသုံးသူရေးရာဦးစီးဌာန
ဓာတ်ပုံ - စားသုံးသူရေးရာဦးစီးဌာန

DMG ၊ အောက်တိုဘာ ၇ 

ပြည်ပနိုင်ငံများမှ ဝယ်လိုအားမရှိ၍ ပြည်တွင်းပြောင်းဈေးနှုန်း ကျဆင်းလာနေသဖြင့် ပြောင်းစိုက်တောင်သူများမှာ အရှုံးပေါ်မည့်အရေးနှင့် ကြုံတွေ့နေကြရကြောင်း သိရသည်။ 

လက်ရှိတွင် ပြောင်းပေါ်စရာသီဖြစ်သော်လည်း ပြောင်းတစ်ပိဿာလျှင် ခြံဖြတ်ဈေး ၈၈၀ ကျပ်မှ ၉၀၀ ကျပ်ရှိပြီး ပြောင်းအစိုတစ်ပိဿာလျှင် ခြံဖြတ်ဈေး ၆၄၀ ကျပ်ခန့်သာရှိနေသည်။  

ယခုနှစ် ပြောင်းစိုက်ရာသီတွင် မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာဈေးနှုန်း မြင့်တက်မှုများကြားမှ စိုက်ပျိုးထားရသည်အထဲ ပြောင်းဈေးမရသဖြင့် တွက်ခြေမကိုက်ဟု တောင်သူများက ပြောသည်။ 

“ပြောင်းဈေးက ဒီအတိုင်းဆိုရင် ပြောင်းထုပ်မျိုးနဲ့ မြေသြဇာဖိုးကို ဘယ်လိုလုပ်မလဲ။ ပြောင်းဈေးမတက်ဘူး။ အခြားကုန်ဈေးနှုန်းတွေက တက်နေတယ်။ တောင်သူတွေတော့ သေကုန်တော့မှာပဲ” ဟု ရှမ်းပြည်တောင်ပိုင်းက ပြောင်းစိုက်တောင်သူ ကိုစိုင်းမွန်းလဲ့က ပြောသည်။ 

ယခင်က ပြောင်းတစ်ဧကလျှင် ကုန်ကျစရိတ် ငွေကျပ် ၃ သိန်းခွဲမှ ၄ သိန်းအထိရှိခဲ့သော်လည်း ယခုနှစ်တွင် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ပြောင်းတစ်ဧကလျှင် ငွေကျပ် ၆ သိန်းမှ ၈ သိန်းအကြား ကုန်ကျမှုရှိခဲ့ကြောင်း တောင်သူများထံမှ သိရသည်။  

မန္တလေးမြို့ ပြောင်းဈေးကွက်တွင် နောင်ချို - မူဆယ် လမ်းပိုင်းတွင်ပေးဆောင်ရသော မျောကြေးအခနှုန်းမှာ ဆယ်ဘီးကားတစ်စီးလျှင် ကျပ်သိန်း ၂၀၀ အထိရှိသဖြင့် တရုတ်နယ်စပ်သို့ တင်ပို့မှုရပ်နားထားသည့်အတွက် ပြည်တွင်းပြောင်းဈေးနှုန်း ကျဆင်းလာခြင်းဖြစ်သည်။ 

ယင်းအပြင် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှု အခွန်ကင်းလွတ်ခွင့်မှာ ဩဂုတ်လမှစ၍ ရပ်နားထားမှုအပြင် နယ်စပ်ဖြတ်ကျော်ရာတွင် လမ်းစရိတ်ကြီးမြင့်မှုကြောင့် တင်ပို့မှုလျော့နည်းနေသဖြင့် ပြောင်းဈေးနှုန်း ကျဆင်းနေခြင်းဖြစ်သည်။ 

“အခုတောင် မြဝတီသို့ မပို့လိုက်ရလို့ အဟောင်းတွေ ကျန်နေသေးတာ။ အသစ်ပို့မှာကိုမပြောနဲ့ အဟောင်းတွေကိုတောင် မကိုက်လို့ မရောင်းကြဘူး” ဟု မန္တလေးမြို့မှ ပြောင်းကုန်သည် ဦးရဲမိုးက ပြောသည်။

ပြောင်းအများဆုံးစိုက်ပျိုးသည့် ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းအတွင်းရှိ တောင်ကြီးနှင့် လာရှိုးမြို့နယ်တွင် ပြောင်းတစ်ပိဿာလျှင် ငွေကျပ် ၈၀၀ ကျပ်မှ ၉၀၀ ကျပ်သာရှိကြောင်း ကုန်သည်များထံမှ သိရသည်။  

မန္တလေးမြို့ ကုန်စည်ဈေးကွက်တွင် ၅၄ ပိဿာ ပြောင်းသုံးတင်းတစ်အိတ်လျှင် ငွေကျပ် ၅၅,၅၀၀မှ ၅၆,၀၀၀ ကျပ်အကြားရှိခဲ့သော်လည်း လက်ရှိတွင် ၅၄ ပိဿာ ပြောင်းသုံးတင်းတစ်အိတ်လျှင် ငွေကျပ် ၅၀,၅၀၀ မှ ၅၂,၀၀၀ ကျပ်သာရှိနေသည်။ 

“ပြောင်းဈေးက တိုးဝယ်လို့မရဘူး။ ဘာလို့လဲဆိုတော့ ငွေလဲနှုန်းကြောင့်ပါ။ အရင်က ၃၅ ရာခိုင်နှုန်း၊ ၆၅ ရာခိုင်နှုန်းမှာ ပြောင်းတစ်တန်ကို ၁၇၀,၀၀၀ လောက်ကွာဟပေမဲ့ အခု ၅၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်းမှာ ကွာဟနှုန်းကျရမှာပေါ့။ ဒါပေမယ့် ငွေလဲဈေးနှုန်းက အပြင်ပေါက်ဈေးကတက်နေတော့ နှစ် သိန်းသုံးသောင်းလောက် ကွာဟနေတယ်။ အဲဒါကြောင့် ပြောင်းက တိုးဝယ်လို့မရတာ” ဟု တောင် ကြီးမြို့မှ ပြောင်းကုန်သည် ဦးတိုးတက်နိုင်က ပြောသည်။

ပြည်ပကဝယ်ယူသည့် ပြောင်းတစ်တန်ပေါက်ဈေးသည် ယခင်က တစ်တန်လျှင် ၃၂၅ ဒေါ်လာ ရှိသော်လည်း ယခုအခါ တစ်တန်လျှင် ၂၆၅ ဒေါ်လာ မှ ၂၈၅ ဒေါ်လာ အကြားတွင်ရှိပြီး ကမ္ဘာ့ပြောင်းဈေးမှာလည်း ဈေးကျဆင်းနေကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။ 

မြန်မာနိုင်ငံမှထွက်ရှိသည့် ပြောင်းကို ထိုင်းနှင့်တရုတ်နိုင်ငံတို့က အဓိကဝယ်ယူကြပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် ဗီယက်နမ်၊ မလေးရှားနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။  

ပြောင်းကို  ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းတွင် အဓိကစိုက်ပျိုးကြပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီမြစ်ဖျားခံရာ ဒေသများမှာလည်း စိုက်ပျိုးကာ ပြောင်းစိုက်ဧကပေါင်း ၂၈ သိန်းခန့်ရှိသည်။

#I004

ဗီဒီယိုများ