ရခိုင်တွင် မျိုးနွယ်စု အမျိုးသမီးကဏ္ဍ တိုးတက်မြင့်မားရေး ကျောင်းသားသမဂ္ဂ ဆောင်ရွက်နေ

ရခိုင်ပြည်တည်ဆောက်ရေးတွင် မျိုးနွယ်စုဝင် အမျိုးသမီးများအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားစသည့် ကဏ္ဍစုံတွင် ပါဝင်မှု အားကောင်းရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဆိုသည်။

By Admin 28 Jul 2025

ဓာတ်ပုံ - ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ
ဓာတ်ပုံ - ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ

DMG ၊ ဇူလိုင် ၂၈

ရခိုင်ပြည်တွင် မျိုးနွယ်စုဝင် အမျိုးသမီးများ၏ အခန်းကဏ္ဍ တိုးတက်မြင့်မားလာရေးအတွက် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

ရခိုင်ပြည်တည်ဆောက်ရေးတွင် မျိုးနွယ်စုဝင် အမျိုးသမီးများအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားစသည့် ကဏ္ဍစုံတွင် ပါဝင်မှု အားကောင်းရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဆိုသည်။

" အရင် စစ်ကောင်စီလက်ထက်ကတည်းက အမျိုးသမီးတွေကို နေရာမပေးတာ၊ မျိုးနွယ်စုတွေကို နေရာ မပေးတာကြောင့်လည်း ပါတယ်။ အာရက္ခပြည်သူ့အစိုးရ လက်ထက်မှာတော့ ကျနော်တို့က အမျိုးသမီးတွေကို ပါဝင်လာအောင် လုပ်ရည်ကိုင်ရည်၊ တာဝန်ယူမှုတာဝန်သိမှုတွေနဲ့ ပတ်သက်ပြီး နေရာပေးမှုတွေ၊ အခွင့်အရေး ပေးတာတွေ အများကြီး လုပ်ဆောင်သွားဖို့ရှိပါတယ်" ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ကော်မတီဝင် တစ်ဦးက ပြောသည်။

ဇူလိုင် ၂၄ ရက်က ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ လူမျိုးစုရေးရာကော်မတီနှင့် အမျိုးသမီးရေးရာကော်မတီတို့ ပူးပေါင်းပြီး သက်အမျိုးသမီးများ အခွင့်အရေးဆိုင်ရာကဏ္ဍများ၊ သက်အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးကဏ္ဍတို့နှင့်ပတ်သက်၍ စကားဝိုင်းပြုလုပ်ကာ အသိပညာပေးဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။

ရခိုင်တွင် မျိုးနွယ်စုဝင်အမျိုးသမီးများ၏ အခန်းကဏ္ဍမှေးမှိန်နေဆဲဖြစ်ကာ အမျိုးသမီးများ ဘဝမြှင့်တင်ရေး အရည်အသွေး၊ အရည်အချင်းပိုင်းဆိုင်ရာများကို ပိုမိုမြှင့်ပေးရန်လိုအပ်နေကြောင်း အမျိုးသမီးများက ပြောကြသည်။

"ကျမတို့လို အမျိုးသမီးတွေအနေနဲ့က ပညာရေး၊ စီးပွားရေးအပါအဝင် အစစအရာရာ နောက်ကျ ကျန်နေတာလည်း များတယ်။ ပညာရေးမှာဆိုရင်လည်း မိန်းကလေးမို့ သေစာရှင်စာတတ်ရင် ရပြီဆိုတာမျိုးနဲ့ ကျန်ခဲ့ရတဲ့ အမျိုးသမီးတွေလည်း အများကြီးပဲ။ ဒါကြောင့် အမျိုးသမီးတွေကို ပညာသင်ခွင့်တွေပါ အပြည့်အဝဖန်တီးပေးပြီး စွမ်းရည်မြှင့်ပေးနိုင်၊ မျက်စိဖွင့်နားဖွင့်ပေးနိုင်ရင်တော့ ပိုပြီး ပါဝင်လာကြမှာပါ" ဟု မောင်တောမြို့နယ်မှ မြို အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ရခိုင်ပြည်တည်ဆောက်ရေးတွင် မျိုးနွယ်စုဝင် အမျိုးသမီးများပါဝင်မှုများ ရှိလာသော်လည်း အားနည်းနေသေးကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ထောက်ပြထားသည်။

မျိုးနွယ်စု အမျိုးသမီးများပါဝင်မှု အားကောင်းလာစေရန်အတွက် စွမ်းရည်များမြှင့်တင်ကာ အခွင့်အရေးများလည်း ပိုပေးသင့်ကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောဆိုကြသည်။

"လက်ရှိ မျိုးနွယ်စု အမျိုးသမီးတွေ ပါဝင်လာဖို့ဆိုရင်တော့ နိုင်ငံတည်ဆောက်ရေးအတွက် လူမှုရေးပိုင်းတွေသာမကဘဲ အဓိကကျတဲ့ ဦးဆောင်မှုပိုင်းတွေမှာ သူတို့ကိုလည်း အခွင့်အရေးပေးဖို့ လိုတယ်။ ဘယ်သူကတော့ ဘာလုပ်နိုင်တယ်ဆိုတာမျိုးကို ဆန်းစစ်ကြည့်ပြီး လက်တွဲခေါ်နိုင်မယ့် မူဝါဒတစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်နိုင်ဖို့အတွက် အာရက္ခပြည်သူ့အစိုးရကို တိုက်တွန်းချင်တယ်" ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်ပြည် နယ်မြေအများစုကို သိမ်းပိုက်ထားသော အာရက္ခတပ်တော်သည် ထိန်းချုပ်ဒေသများတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေးစသည့် အုပ်ချုပ်ရေးယန္တရားများဖြင့် တည်ရေးလုပ်ငန်းများကို အရှိန်မြှင့်နေသည်။

ရခိုင်ပြည်တွင် ရခိုင်အပါဝင် မြို၊ သက်၊ ခမီ၊ ဒိုင်းနက်(သက္ကမ)၊ မရာမာ၊ ကမန်၊ ချင်းနှင့် မွတ်ဆလင် စသည့် စုံလင်ကွဲပြားသူများ ရောယှက်နေထိုင်လျက်ရှိကြပြီး လူမျိုးတိုင်းအားလုံး လွက်တွဲခေါ်ဆောင်ကာ ရခိုင်ပြည် တည်ဆောက်ရေးဆောင်ရွက်နေသည်ကိုလည်း တွေ့နေရသည်။