ရခိုင်တွင် ၄ လအတွင်း ဆိုင်ကယ် ၅,၇၀၀ ကျော်ကို လိုင်စင်လုပ်ပေးပြီး ဒဏ်ကြေးငွေပေါင်း သိန်း ၇ ထောင်ခန့် ရရှိခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီပြော

ရခိုင်ပြည်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှ စတင်ကာ ယခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ၄ လအတွင်း ဆိုင်ကယ် ၅,၇၄၆ စီးအား တရားဝင် ဒေသလိုင်စင်များထုတ်ပေးခဲ့ပြီး ဒဏ်ကြေးငွေပေါင်း သိန်း ၇ ထောင်ခန့် ရရှိခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီမှ သိရသည်။ 

By Admin 14 Feb 2023

ရခိုင်တွင် ၄ လအတွင်း ဆိုင်ကယ် ၅,၇၀၀ ကျော်ကို လိုင်စင်လုပ်ပေးပြီး ဒဏ်ကြေးငွေပေါင်း သိန်း ၇ ထောင်ခန့် ရရှိခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီပြော

DMG ၊ ဖေဖော်ဝါရီ ၁၄ 

ရခိုင်ပြည်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှ စတင်ကာ ယခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ၄ လအတွင်း ဆိုင်ကယ် ၅,၇၄၆ စီးအား တရားဝင် ဒေသလိုင်စင်များထုတ်ပေးခဲ့ပြီး ဒဏ်ကြေးငွေပေါင်း သိန်း ၇ ထောင်ခန့် ရရှိခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီမှ သိရသည်။ 

မြို့နယ်အများအပြားတွင် တရားဝင်ဒေသလိုင်စင်များ ထုတ်ပေးနိုင်ရန်အတွက် အထွေထွေအုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ က.ည.န၊ အကောက်ခွန်ဌာနများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားခြင်းဖြစ်သည်။ 

“လိုင်စင်မဲ့ ဆိုင်ကယ်တွေကို မြို့နယ်အသီးသီးသို့ ကွင်းဆင်းပြီး ဥပဒေနဲ့အညီ ဒဏ်ငွေရိုက်၊ လိုင်စင်ပေးအလုပ်တွေကို အများပြည်သူအကျိုးငှာ ဆောင်ရွက်လျက်ရှိပါတယ်။ မြို့နယ်အားလုံးနှံ့စပ်နိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ဦးလှသိန်း၏ လူမှုကွန်ယက်တွင် ရေးသားထားသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန်နှင့် လိုင်စင်မဲ့ဆိုင်ကယ်များမှ ရရှိသော ဒဏ်ကြေးငွေများကို မည်သည့်နေရာတွင် သုံးစွဲသွားမည့်အကြောင်းကို သိရှိနိုင်ရန်အတွက် ရခိုင်ပြည်နယ် ကုန်လမ်းပို့ဆောင်မှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကံညွှန့်နှင့် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့အား DMG မှ သွားရောက်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ချက်မရရှိခဲ့ပေ။ 

လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်စီးနင်းပြီး မတော်တဆမှုဖြစ်ပွားပါက လိုင်စင်မဲ့ယာဉ်စီးနင်းသူကိုပါ အရေးယူရသဖြင့် ပြည်သူများနစ်နာရသည့်အတွက် ယခုကဲ့သို့ လိုင်စင်များ လုပ်ဆောင်ပေးရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်က DMG ကို ဖြေဆိုထားသည်။ 

ပြည်နယ်စစ်ကောင်စီမှ သက်ဆိုင်ရာမြို့နယ်အလိုက် ဆိုင်ကယ်လိုင်စင်များ ထုတ်ပေးလျက်ရှိနေသော်လည်း ဆိုင်ကယ်လိုင်စင်လုပ်ပေးမှုမှာ အချိန်လုံလောက်မှုမရှိခြင်း၊ ဆိုင်ကယ်လိုင်စင် လာရောက်ပြုလုပ်သူ များပြားသောကြောင့် လိုင်စင်ထုတ်ပေးရာတွင် အချိန်နှောင့်နှေးမှုများရှိခဲ့သည့်အတွက် လိုင်စင်လုပ်ပေးမည့် အချိန်အား ထပ်မံတိုးပေးရန် လိုအပ်ကြောင်း ပြည်သူများက ပြောဆိုနေကြသည်။ 

“ကျနော် အောက်တိုဘာလောက်က ဆိုင်ကယ်လိုင်စင်သွားလုပ်တယ်။ အချိန်အကြာကြီးစောင့်နေရတယ်။ လူများတာလည်းပါတာပေါ့။ ကျနော်ဆို အလုပ်ကခွင့်ယူပြီးတော့ လိုင်စင်သွားလုပ်တာ အချိန်နှစ်ရက်ကြာပြီးမှ လိုင်စင်ရတယ်။ တချို့အချိန်မပေးနိုင်တဲ့ ကျနော့်သူငယ်ချင်းတွေမှာဆိုရင် လိုင်စင် အခုထိမလုပ်ရသေးဘူး။ သူတို့ လိုင်စင်လုပ်ဖို့ သွားတဲ့ချိန်မှာ one stop service နဲ့ လိုင်စင်လုပ်ပေးတာ ခေတ္တရပ်နားထားတယ်လို့ စာကပ်ထားတော့ အခုထိ မလုပ်ရသေးဘူး” ဟု စစ်တွေမြို့ဒေသခံ ကိုလင်းမြတ်သူက ပြောသည်။ 

လက်ရှိအချိန်တွင် ရခိုင်ပြည်၊ စစ်တွေမြို့တွင် one stop service ဖြင့် ဆိုင်ကယ်လိုင်စင်လုပ်ပေးခြင်းကို အချိန်အကန့်အသတ်မရှိ ခေတ္တရပ်နားထားကြောင်း ရခိုင်ပြည်နယ် ကုန်လမ်းပို့ဆောင်မှုဦးစီးဌာနရှေ့တွင် ထုတ်ပြန်ကြေငြာထားသည်။ 

လက်ရှိ ဆိုင်ကယ်လိုင်စင်ပြုလုပ်ရာတွင် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်ဆိုလျှင် ငွေကျပ်လေးသောင်းမှ တစ်သိန်းအကြား၊ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်ဆိုလျှင် ငွေကျပ်တစ်သိန်းမှ နှစ်သိန်းကျပ်ကြား၊ အိန္ဒိယနိုင်ငံထုတ် ဆိုင်ကယ်ဆိုလျှင် ငွေကျပ်ငါးသောင်းမှ နှစ်သိန်းကျပ်အကြားနှင့် ဗီယက်နမ်နိုင်ငံထုတ် ဆိုင်ကယ်ဆိုလျှင် ငွေကျပ်တစ်သိန်းမှ နှစ်သိန်းကျပ်အကြား ဆိုင်ကယ်အမျိုးအစားအလိုက် အသီးသီးပေးဆောင်ရကြောင်း သိရသည်။

#I005

ဗီဒီယိုများ