ပုဒ်မ ၁၇(၁)နှင့် တရားရင်ဆိုင်နေရသော ကျောက်ဖြူဒေသခံတစ်ဦး ဆေးကုသရန် လိုအပ်နေ 

လက်ရှိ ဦးဝင်းမောင်၏ ရောဂါအခြေအနေမှာ အချိန်တိုင်းအသက်အန္တရာယ် စိုးရိမ်နေရသဖြင့် ဆေးကုသခွင့်ရရှိရန် မိသားစုဝင်များက လိုလားနေကြသည်။ 

By Admin 08 Mar 2023

၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းက တွေ့ရသော ကျောက်ဖြူမြို့ တစ်နေရာ
၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းက တွေ့ရသော ကျောက်ဖြူမြို့ တစ်နေရာ

DMG ၊ မတ် ၈

ရက္ခိုင့်တပ်တော်(AA) နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးခံရပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နှင့် တရားရင်ဆိုင်နေရသော ကျောက်ဖြူဒေသခံတစ်ဦး အရေးပေါ် ဆေးကုသခံယူရန် လိုအပ်နေကြောင်း မိသားစုဝင်များထံမှ သိရသည်။ 

တရားရင်ဆိုင်နေရသူ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ အသက်(၅၈)နှစ်အရွယ် ဦးဝင်းမောင်မှာ နှလုံးမကောင်းသဖြင့် အသက်ရှူကြပ်ရောဂါကို ဆိုးဆိုးရွားရွား ခံစားနေရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော မိသားစုဝင်တစ်ဦးက ပြောသည်။ 

“စိုးရိမ်ရတဲ့အနေထားလို့ ပြောလို့ရပါတယ်။ သူက အိမ်မှာဆိုရင်လည်း ဘာမှမလုပ်နိုင်ဘူး။ လှုပ်လှုပ်ရှားရှားလည်း မလုပ်နိုင်ဘူး။ အလုပ်တွေ လုပ်လိုက်ရင် မောပန်းပြီးတော့ အောက်ဆီဂျင် ၉၀ အောက် ကျသွားပြီးတော့  အောက်ဆီဂျင်ရှူရတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းမောင်မှာ နဂိုကတည်းက နှလုံးမကောင်းသဖြင့် အမြဲတမ်း ဆေးဝါးမှီဝဲနေရပြီး ရန်ကုန်သို့လည်း တစ်လတစ်ကြိမ် ဆေးကုသရန် သွားရောက်နေရသူဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။  
လက်ရှိ ဦးဝင်းမောင်၏ ရောဂါအခြေအနေမှာ အချိန်တိုင်းအသက်အန္တရာယ် စိုးရိမ်နေရသဖြင့် ဆေးကုသခွင့်ရရှိရန် မိသားစုဝင်များက လိုလားနေကြသည်။ 

“အိမ်မှာနေရင်လည်း အမြဲ ဆေးကောက်(ရှူဆေး)ဘူးတွေ ရှူနေရပါတယ်။ ရုံးချိန်းတိုင်းလည်း ဆေးပေးနေရပါတယ်။ ၅ မိနစ်အတွင်းမှာ အသက်ဆုံးသွားနိုင်တဲ့ ရောဂါလည်း ဖြစ်တယ်” ဟု မိသားစုဝင်က ဆိုသည်။

ဦးဝင်းမောင်မှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က နေအိမ်တွင်ရှိနေစဉ် အရပ်ဝတ်နှင့်လူတစ်စုက မေးမြန်းစရာရှိသည်ဆိုကာ လာရောက် ဖမ်းဆီးသွားပြီးနောက် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည် ဆိုသည့် သံသယနှင့် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံခဲ့ရသည်။ 

၎င်းမှာ သဲ၊ ကျောက် ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး မည်သည့်အဖွဲ့အစည်းနှင့်မျှ ပတ်သက်ဆက်နွယ်မှုမရှိဟု မိသားစုဝင်များ အခိုင်အမာပြောဆိုကြသည်။ 

ကျောက်ဖြူမြို့နယ်တွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ နိုင်ငံတော်ဆူပူလှုံဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)တို့ဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၃၀ ဦးထက်မနည်းရှိကြောင်း သိရသည်။ 

DMG မှ စုံစမ်းချက်အရ ရခိုင်ပြည်အတွင်း နိုင်ငံရေးပုဒ်မဖြင့် တရားစွဲဆိုခံထားရသူများနှင့် ကာလရှည်ကြာ အကျဉ်းကျနေသူ ၁၀ ခန့်မှာ ကျန်းမာရေးမကောင်းသဖြင့် ဆေးဝါးကုသမှုခံယူရန် လိုအပ်လျက်ရှိနေသည်။ 

#R010

ဗီဒီယိုများ