သိုင်းချောင်းဆည်မှရေကို အသုံးပြုခွင့်ပေးရန် ဒေသခံများတောင်းဆို

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် သိုင်းချောင်းကျေးရွာအုပ်စုအတွင်း နွေရာသီရေရှားပါးမှုမဖြစ်ပေါ်စေရေးအတွက် သိုင်းချောင်းဆည်မှရေကို အသုံးပြုခွင့်ရရှိရန် ဒေသခံများကလိုလားနေကြသည်။

08 Mar 2022

DMG ၊ မတ်လ ၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် သိုင်းချောင်းကျေးရွာအုပ်စုအတွင်း နွေရာသီရေရှားပါးမှုမဖြစ်ပေါ်စေရေးအတွက် သိုင်းချောင်းဆည်မှရေကို အသုံးပြုခွင့်ရရှိရန် ဒေသခံများကလိုလားနေကြသည်။

သိုင်းချောင်းကျေးရွာအုပ်စုအတွင်း နွေရာသီတွင် နှစ်စဉ်ရေရှားပါးမှုဒဏ်ကိုခံစားနေရသဖြင့် ယခုနှစ်နွေရာသီတွင် သိုင်းချောင်းဆည်မှရေကိုအသုံးပြုခွင့်ပေးပြီး ရေဖြန့်ဝေပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

သိုင်းချောင်းကျေးရွာအုပ်စုတွင် ကန်ရေကိုအဓိကထားကာ သောက်သုံးရေအဖြစ်အသုံးပြုနေရပြီး နွေရာသီမရောက်မှီ နှစ်စဉ်ရေခမ်းခြောက်သည့်အတွက် ရေရှားပါးခြင်းနှင့်အမြဲကြုံတွေ့နေရကြောင်း ဒေသခံများကပြောသည်။

လက်ရှိသိုင်းချောင်းကျေးရွာအတွင်းရှိ ရေကန် ၂ ကန်ကို အိမ်ခြေ ၂၀၀ ကျော်အသုံးပြုနေခြင်းဖြစ်သည့်အတွက် ယခုလမကုန်မှီ ရေရှားပါးခြင်းနှင့်ကြုံတွေ့လာနိုင်ကြောင်းလည်း ဒေသခံများကပြောသည်။

သိုင်းချောင်းကျေးရွာအုပ်စု၊ ဇိုင်ချောင်းကျေးရွာမှ ဒေသခံ ဦးစံဦးမောင်က "အခု ကျနော်တို့ရွာကရေကန်တွေမှာ ရေခမ်းခြောက်ဖို့လုပ်နေပြီ။ ရေရှားပါးရင် တော်တော်အခက်အခဲဖြစ်တယ်။ ရွာသူရွာသားတွေ မိနစ် ၃၀ လောက်ဝေးတဲ့နေရာမှာ ရေသွားခပ်နေရတော့ အခြားအလုပ်ကမလုပ်ရတော့ဘူး။ အဲဒါကြောင့် ဒီရေလှောင်တမံကရေကို အသုံးပြုခွင့်ရရင်တော့ တော်တော်အဆင်ပြေမှာသေချာတယ်"ဟု ပြောသည်။

သိုင်းချောင်းအုပ်စုတွင် ကျေးရွာပေါင်း ၇ ရွာရှိပြီး သိုင်းချောင်းဆည်အတွင်းမှရေများကို ဒေသခံများအသုံးပြုခွင့်ရမည်ဆိုပါက နွေရာသီတွင် သီးနှံစိုက်ပျိုးခြင်းများကိုပါလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိုင်းချောင်းအုပ်စုအုပ်ချုပ်ရေးမှူး ဦးစံကျော်ရီကဆိုသည်။

"ဆည်ကရေကိုအသုံးပြုလို့ရမယ်ဆိုရင်တော့ ဒေသကလူတွေ သောက်သုံးရေအတွက် ဘာအခက်အခဲမှမရှိတော့ဘူး။ အဲဒါဆိုရင် နွေရာသီ အပြင်လုပ်ငန်းတွေလုပ်လို့ရတော့မယ်။ အဲဒါအပြင် စိုက်ပျိုးရေးတွေကိုလဲ လုပ်ကိုင်လို့ရမှာဖြစ်တယ်။ ဆည်ကရေကို အသုံးပြုခွင့်ရအောင် ကူညီပေးစေချင်တယ်"ဟု ၎င်းကတောင်းဆိုသည်။

သိုင်းချောင်းဆည်မှ ရေသုံးစွဲခွင့်ရရှိရန် သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုသွားရန် စီစဉ်လျက်ရှိပြီး ရေပိုက်သွယ်တန်းရန်အတွက် လမ်းကြောင်းများကိုလည်း ရှင်းလင်းပေးသွားမည်ဟု ဒေသခံများက ပြောဆိုသည်။

အဆိုပါသိုင်းချောင်းဆည်ကို ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်လျှင် ရေပေးဝေနိုင်ရန်အတွက်ဟုဆိုကာ ၂၀၁၄-၂၀၁၅ ဘဏ္ဍနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ဆည်ဆောက်မှုပြီးစီးခဲ့သော်လည်း ဒေသခံများမှ ၎င်းဆည်မှရေကို အသုံးပြုခွင့်မရရှိကြကြောင်း သိရသည်။

ဗီဒီယိုများ