ဆည်တည်ဆောက်ရေးအတွက် လိုအပ်ပါက စစ်ပွဲဆင်နွှဲရန်ပင် အသင့်ရှိဟု အီသီယိုပီးယား၏ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် သတိပေး

အီသီယိုးပီးယားနိုင်ငံ၏ ပူပူနွေးနွေးငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဝန်ကြီးချုပ်က အီဂျစ်နှင့်အငြင်းပွားလျက်ရှိသော ဆည်တည်ဆောက်ရေးစီမံကိန်းအတွက် လိုအပ်လာပါက စစ်ပွဲဆင်နွှဲရန်ပင် အသင့်ရှိသည်ဟု သတိပေးပြောကြားလိုက် ကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 23 Oct 2019

အီသီယိုးပီးယား၏ ဆည်တည်ဆောက်ရေးစီမံကိန်းကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် အီဂျစ်တို့ ဘက်မှ သတ်မှတ်ပြောဆိုမှုများ ရှိနေသည်။ / Photo - AP


အီသီယိုးပီးယားနိုင်ငံ၏ ပူပူနွေးနွေးငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဝန်ကြီးချုပ်က အီဂျစ်နှင့်အငြင်းပွားလျက်ရှိသော ဆည်တည်ဆောက်ရေးစီမံကိန်းအတွက် လိုအပ်လာပါက စစ်ပွဲဆင်နွှဲရန်ပင် အသင့်ရှိသည်ဟု သတိပေးပြောကြားလိုက် ကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၁၁ ရက်နေ့က ကြေညာခဲ့သည့် ယခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဆွတ်ခူးထားသော ဝန်ကြီးချုပ် အဘီယီအာမတ်က လွှတ်တော် အမေးအဖြေ အစီအစဉ်တစ်ခုအတွင်း ထိုကဲ့သို့မှတ်ချက်ပေး ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ဆည်တည်ဆောက်ရေးနှင့် ပတ်သက်ပြီး လက်ရှိကြုံတွေ့နေရသော အကျပ်အတည်းကို ဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

အသက် ၄၃ နှစ်အရွယ်ရှိ ဝန်ကြီးချုပ် အဘီယီသည် ပြီးခဲ့သောနှစ်က ဝန်ကြီးချုပ်ရာထူး စတင်ထမ်းဆောင်ပြီးနောက်တွင် ကာလကြာရှည် ရန်ဘက်အသွင်ဆောင်ခဲ့သော အိမ်နီးချင်းနိုင်ငံ အီရစ်ထရီယားနှင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ခဲ့မှု၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့မှုများအတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရခြင်းဖြစ်သည်။

သို့ရာတွင် နိုင်းမြစ်ပေါ်တွင် တည်ဆောက်လျက်ရှိပြီး အငြင်းပွားဖွယ်ရာ အရေးကိစ္စများရှိနေသော ရေအားလျှပ်စစ်ဆည် တည်ဆောက်ရေး စီမံကိန်းနှင့်ပတ်သက်ပြီး ယခုအခါ ၎င်းသည် လွှတ်တော်အမတ်များ၏ မေးခွန်းထုတ်မှုများနှင့် ရင်ဆိုင်နေရလျက်ရှိသည်။

အမေရိကန်ဒေါ်လာ ၅ ဘီလျံ တန်ဖိုးရှိသော ယင်းဆည်သည် အာဖရိကတွင် အကြီးဆုံးဆည် ဖြစ်လာမည်ဖြစ်ပြီး ယခုအခါ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကာ သန်း ၁၀၀ ခန့်ရှိသော အီသီယိုးပီးယားပြည်သူများ၏ လျှပ်စစ်ဓါတ်အား လိုအပ်ချက် အများအပြားကို ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။

သို့ရာတွင် အီသီယိုးပီးယားနှင့် လူဦးရေချင်း မတိမ်းမယိမ်းရှိပြီး နိုင်းမြစ်ကို အမှီပြုနေရသော အီဂျစ်နိုင်ငံက အီသီယိုးပီးယား၏ ယင်းဆည်တည်ဆောက်မှုကြောင့် နိုင်းမြစ်မှ ၎င်းတို့နိုင်ငံအတွက် ရေရရှိမှု တစ်စတစ်စ လျော့နည်းလာမည်ကို စိုးရိမ်ပူပန်လျက်ရှိပြီး ၎င်းတို့၏ အဓိက ရေချိုအရင်းအမြစ်ကို ကာကွယ်နိုင်ရန် ကြိုးစားလျက်ရှိသည်။

အီဂျစ်အစိုးရကို ထောက်ခံသော မီဒီယာများက အီသီယိုးပီးယား၏ ဆည်တည်ဆောက်ရေးစီမံကိန်းကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် သတ်မှတ်ပြောဆိုလျက်ရှိပြီး စစ်ရေးအရ အရေးယူဆောင်ရွက်ရန်ပင် အကြောင်းခိုင်လုံသည်ဟု ဖော်ပြမှုများရှိနေသည်ကို တွေ့ရသည်။

ထိုကဲ့သို့ ဖော်ပြနေမှုများနှင့်ပတ်သက်ပြီး အီသီယိုးပီးယားဝန်ကြီးချုပ် အဘီယီက မည်ကဲ့သို့သော ဖိအားပေးမှုများကမှ ဆည်တည်ဆောက်ရေးကို ရပ်တံ့စေမည်မဟုတ်ကြောင်း၊ တစ်ဖက်မှ ဒုံးကျည်ဖြင့်ပစ်ခတ်လာလျှင် အခြားတစ်ဖက်မှလည်း လက်ပစ်ဗုံးများကို အသုံးပြုနိုင်သည်သာ ဖြစ်ကြောင်း၊ သို့ရာတွင် ယင်းကဲ့သို့ဖြေရှင်းနည်းမှာ မည်သူ့အတွက်မျှ အကျိုးရှိလိမ့်မည်မဟုတ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

အီသီယိုးပီးယားနိုင်ငံအနေဖြင့် ၎င်းတို့၏ယခင်ခေါင်းဆောင် စတင်ခဲ့သော ရေအားလျှပ်စစ်ဆည် စီမံကိန်းသည် အကောင်းဆုံးစီမံကိန်းတစ်ခု ဖြစ်ခြင်းကြောင့် ပြီးစီးအောင် တည်ဆောက်သွားမည်ဟုလည်း အဘီယီက အလေးထား ပြောကြားသွားသည်။

ဗီဒီယိုများ