ဝါးမခုတ်ရသဖြင့် သာယာဝတီက စိုက်ပျိုးရေးလုပ်ကိုင်သူများ အခက်ကြုံ

သာယာဝတီခရိုင်ရှိ သာယာဝတီ၊ အုတ်ဖို၊ မင်းလှနှင့် လက်ပံတန်း စသည့်မြို့နယ် ပဲခူးရိုးမတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ် (PDF)တို့ကြား ပြီးခဲ့သည့် စက်တင်ဘာလမှစပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

By Admin 26 Oct 2023

မင်းလှမြို့နယ်ရှိ ပဲစိုက်ခင်းတစ်ခုကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ
မင်းလှမြို့နယ်ရှိ ပဲစိုက်ခင်းတစ်ခုကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ

DMG ၊ အောက်တိုဘာ ၂၆

ပဲခူးတိုင်း (အနောက်ခြမ်း) သာယာဝတီခရိုင်အတွင်း တိုက်ပွဲများကြောင့် ဝါးခုတ်သူရှားပါးသဖြင့် ဝါးကိုအမှီပြု၍ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲကြုံနေရကြောင်း သိရသည်။

သာယာဝတီခရိုင်ရှိ သာယာဝတီ၊ အုတ်ဖို၊ မင်းလှနှင့် လက်ပံတန်း စသည့်မြို့နယ် ပဲခူးရိုးမတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ် (PDF)တို့ကြား ပြီးခဲ့သည့် စက်တင်ဘာလမှစပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ယင်းကြောင့် ဒေသခံများမှာ ရိုးမတောအတွင်းသို့ ဝါးခုတ်ရန် အဆင်မပြေသည့်အတွက် ဝါးကို အဓိကထားအသုံးပြုကာ လုပ်ကိုင်ရသည့် စိုက်ပျိုးရေးခြံများအတွက် လိုအပ်သည့်ဝါးများ မရရှိတော့ပေ။

“ပဲခူးရိုးမထဲမှာက စစ်တပ်နဲ့ PDF တွေ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်နေတာ တစ်လလောက်ရှိပြီ။ ဒါကြောင့် ဝါးခုတ်တဲ့သူတွေလည်း တောထဲမသွားရဲတော့ဘူး။ အချိန်ကြာတော့ ဝါးခုတ်တဲ့သူ ရှားလာတယ်။ ဝါးတွေလည်း လိုသလောက်မရတော့ စိုက်ခြံလုပ်တဲ့ သူတွေအတွက်လည်း ခက်ခဲကုန်တာပေါ့” ဟု သာယာဝတီမြို့ရှိ သစ်၊ ဝါး အရောင်းဒိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ထို့အပြင် တစ်ချို့မှာ စားဝတ်နေ‌ရေးကျပ်တည်းမှုကြောင့် ပဲခူးရိုးမအတွင်းသို့ ဝါးခုတ်သွားရာတွင် လက်နက်ကိုင်တပ်များ၏ ပစ်ခတ်ခဲ့မှုကြောင့် ထွက်ပြေးလာရကြောင်း ဒေသခံဝါးခုတ်သမားများထံမှ သိရသည်။
“ဝါးသွားမခုတ်ရဲတော့ဘူး။ အရင်လက တောထဲဝင်တာ တိုက်ပွဲဖြစ်ပြီး ပစ်ခတ်သံကြားတာနဲ့ တောထဲက ပြန်ဆင်းလာရတယ်။ နောက်ပြီး လှမ်းပစ်တာတွေရှိလို့ အခြားဝါးခုတ်တဲ့သူတွေလည်း အကုန်ထွက်ပြေးခဲ့ရတယ်” ဟု လက်ပံတန်းမြို့ ဝါးခုတ်ဒေသခံတစ်ဦးကဆိုသည်။

ယင်းသို့ ဝါးခုတ်သူရှားပါးကာ ဝါးပြတ်လပ်လာမှုကြောင့် ဥယျာဥ်စိုက်ခြံလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းများရပ်နားထားကြောင်း ဆိုသည်။

“အခုထိ ဝါးတွေမရတော့ ဥယျာဥ်ခြံအလုပ်တွေ အကုန်ရပ်ထားရတယ်။ ဘူး၊ ဖရုံ၊ ကြက်ဟင်းခါးတွေက ဝါးနဲ့ စင်ထိုးပြီးမှ စိုက်ရတာ။ အခုက ဝါးဒိုင်မှာလည်း ဝါးတွေပြတ်နေတယ်။ မိုးကလည်း ကုန်ခါနီးပြီ။ အချိန်မီ မစိုက်နိုင်ရင် အကုန်ပျက်စီးတော့မယ်။ ဒီမှာက ခြံစိုက်တဲ့သူတွေ အကုန်ဒုက္ခရောက်နေတာ” ဟု မင်းလှမြို့ခံ ဥယျာဥ်ခြံလုပ်ငန်း လုပ်ကိုင်သူကပြောသည်။

ပဲခူးရိုးမအတွင်း၌ တိုက်ပွဲအထန်ဖြစ်ပွားနေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ပဲခူးရိုးမအတွင်းသို့ မဝင်ကြရန် တော်လှန်ရေးအဖွဲ့များမှ သတိပေးထားသည်။

သာယာဝတီခရိုင်တွင် ခြံလုပ်ငန်းအဖြစ် ပဲ၊ ဖရုံနှင့် ကြက်ဟင်းခါးသီး စသည်တို့ကို အဓိက စိုက်ပျိုးကြပြီး ဧကတစ်သိန်းခန့်ရှိကြောင်း တောင်သူများက ခန့်မှန်းပြောဆိုကြသည်။

#F004 #DMG

ဗီဒီယိုများ