ULA က ချမှတ်လိုက်သည့် သေဒဏ်အမိန့်ကိုမကျေနပ်၍ အဆုံးထိ အယူခံတက်မည်ဟု ကိုမျိုးမြင့်ဇော်၏ ဇနီးဖြစ်သူပြော

စစ်တွေမြို့၊ မင်းဂံရပ်ကွက်နေ အသက်(၁၈)နှစ်အရွယ် မနွယ်သန္တာဝင်းသည် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် စစ်တွေမြို့၊ မေယုလမ်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးရှိ ပလပ်စတစ်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်၌ အလုပ်လုပ်ကိုင်နေစဉ်အတွင်း ဓားဖြင့်ထိုးသတ်ခံခဲ့ရသည်။ 

By Admin 08 Feb 2023

ULA က ချမှတ်လိုက်သည့် သေဒဏ်အမိန့်ကိုမကျေနပ်၍ အဆုံးထိ အယူခံတက်မည်ဟု ကိုမျိုးမြင့်ဇော်၏ ဇနီးဖြစ်သူပြော

ULA/ AA တရားရုံးမှ သေဒဏ်အမိန့်ချမှတ်ထားသူ ကိုမျိုးမြင့်ဇော်

DMG ၊ ဖေဖော်ဝါရီ ၈

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/ AA တရားရုံးမှ ချမှတ်ထားသည့် သေဒဏ်အမိန့်ကို ကျေနပ်မှုမရှိသရွေ့ အယူခံတက်သွားမည်ဖြစ်ကြောင်း သေဒဏ်အမိန့်ချမှတ်ခံထားရသူ ကိုမျိုးမြင့်ဇော်၏ ဇနီးဖြစ်သူက DMG သတင်းဌာနကို ပြောသည်။

စစ်တွေမြို့၊ မင်းဂံရပ်ကွက်နေ အသက်(၁၈)နှစ်အရွယ် မနွယ်သန္တာဝင်းသည် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် စစ်တွေမြို့၊ မေယုလမ်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးရှိ ပလပ်စတစ်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်၌ အလုပ်လုပ်ကိုင်နေစဉ်အတွင်း ဓားဖြင့်ထိုးသတ်ခံခဲ့ရသည်။ အမှုမှ ဆေးစာထွက်လာသည့် အချိန်တွင်လည်း အဓမ္မပြုကျင့်ခံရမှုရှိခဲ့သည်ဟု သတင်းများပျံနှံ့ခဲ့သည်။

ထိုအမှုနှင့်ပတ်သက်၍ ရခိုင်ပြည်သူအများစုက စိတ်ဝင်တစားရှိခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရန် တောင်းဆိုလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြပြီးနောက် ULA/AA နှင့် စစ်ကောင်စီတို့က ကျုးလွန်သူများကို အပြိုင်အဆိုင်ရှာဖွေကာ ရုံးတင်စစ်ဆေးခဲ့ကြသည်။ 

အမှုနှင့်ဆက်စပ်ပြီး သံသယရှိသူ ဆိုင်မန်နေဂျာ ဦးမျိုးမြင့်ဇော်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ဩဂုတ်လအတွင်း ဖမ်းဆီးထိန်းသိမ်းကာ တရားရုံးတင်စစ်ဆေးချက်အရ အဓမ္မပြုကျင့်ကာ လူသတ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်သည်ဟုဆိုကာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ကိုမျိုးမြင့်ဇော်ကို ULA တရားရုံးမှ ရာဇသတ်ကြီး ပုဒ်မ- ၃၀၂(၁)(ဂ)အရ  ကြိုးအမိန့်(သေဒဏ်) ချမှတ်လိုက်သည်။  

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/ AA တရားရုံးမှ ချမှတ်လိုက်သည့်အမိန့်ကို ကိုမျိုးမြင့်ဇော်၏ မိသားစုဝင်အများက ကျေနပ်မှုမရှိသည့်အတွက် အယူခံတင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။  

“အယူခံတက်ဖို့ ရှိပါတယ်။ ဒီတရားရုံးက မဟုတ်မမှန် အမှုမပေါ်ပေါက်ဘဲ အဓမ္မအမိန့်ချတယ်လို့ ကျမတို့မြင်ပါတယ်။ ဒါကြောင့် သူတို့ဘက်က ချမှတ်ထားတဲ့ အမိန့်ကို မကျေနပ်သရွေ့ကို ကျမတို့ အယူခံ အဆုံးထိတက်သွားမှာပါ” ဟု ကိုမျိုးမြင့်ဇော်၏ ဇနီးက ပြောဆိုသည်။ 

လက်ရှိတွင်  အယူခံတက်မည့် လုပ်ငန်းများကို ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။ သို့သော်လည်း အယူခံတင်သွင်းပြီးနောက်ပိုင်း ဆက်လက်ပြီး တရားရင်ဆိုင်နေရမည်ဆိုလျှင် အမှုမှ သေဆုံးခဲ့ရသည့် နွယ်သန္တာဝင်း၏ မိသားစုဝင်များအနေဖြင့် ရုံးချိန်းအကြိမ်ကြိမ် လာရောက်ရာတွင် ငွေကြေးအခက်အခဲ ရှိလာမည်ကိုလည်း စိုးရိမ်မိသည်ဟု ကိုမျိုးမြင့်ဇော်ဇနီးက ပြောသည်။

“ULA က အမိန့်ချမှတ်တာကို နွယ်သန္တာဝင်း မိသားစုဝင်တွေဘက်ကလည်း ကျေနပ်မှုမရှိဘူးလို့ ပြောပါတယ်။ ကျမတို့လည်း နားလည်ပါတယ်။ ULA က ရုံးချိန်းခေါ်တိုင်း လိုက်နေရရင် သူတို့မှာလည်း အခက်အခဲရှိသလို ကျမတို့မှာလည်း အခက်အခဲတွေ အများကြီးရှိပါတယ်။ နောက်ထပ်လည်း အယူခံ,အယူခံနဲ့သာ တက်နေရမယ်ဆိုရင် အဲဒီဘက်ကလည်း မလိုက်မှီမှာကို ကျမတို့အနေနဲ့ စိုးရိမ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အမှုကို အမိန့်ချမှတ်ရာတွင် တရားမျှတမှုမရှိ ဟု မြင်မိကြောင်း၊ အမှု၏သက်သေ ဆိုသည့်အရာများမှာ မည်သို့မျှ မထင်ရှားကြောင်း၊ ဦးခိုင်သုခပြောဆိုသွားမှုအတွင်း သက်သေထင်ရှားသည်ဆိုလျှင် “မည်သို့သတ်ခဲ့သနည်း၊ မည်သို့အကြောင်းအရင်းကြောင့် သတ်ခဲ့သနည်း” ဆိုသည်များကို မေးသည့်အခါများတွင်လည်း ဦးခိုင်သုခ အနေဖြင့် ဖြေရှင်းခဲ့မှုမရှိသည့်အပြင် ကိုမျိုးမြင့်ဇော် ကျူးလွန်ခဲ့သည်ဆိုသည့် သက်သေများသည် ULA တရားရုံးတွင်လည်း မပေါ်ပေါက်ခဲ့ကြောင်း ကိုမျိုးမြင့်ဇော် ဇနီးက ထောက်ပြပြောဆိုသည်။ 

ထို့ကြောင့် အမှုကိုလည်း မူလအစကနေ၍ ပြန်လည်စစ်ဆေးစေချင်ကြောင်း ကိုမျိုးမြင့်ဇော်၏ မိသားစုဝင်များက တောင်းဆိုကြသည်။ 

“အဲဒီနေ့က သူ ဘယ်အချိန်၊ ဘယ်နေရာမှာရှိခဲ့တယ် ဆိုတာကို လိုပြသက်သေစကားမှာ အားလုံးပါခဲ့ပါပြီ။ အဲ့အထဲမှာ ဘယ်အချက်နဲ့ငြိလို့ အခုလိုမျိုး သေဒဏ်ချရလဲဆိုတာကို ကျမတို့ စဉ်းစားလို့မရပါဘူး။ ဒါကြောင့် ULA/AAက အထက်လူကြီး အရာရှိတွေကို ကျမတို့တောင်းဆိုချင်တာပါ။ ဒီအမှုမှာ အပြစ်မရှိဆိုပြီး ပေါ်ပေါက်တာကို ဘာလို့ အပြစ်ရှိတယ်ဆိုပြီး အမိန့်ချတာပါလဲ။ အခုလိုအမိန့်ချတာဟာ မှားယွင်းတယ်လို့ ပြောချင်ပါတယ်။ ပြီးရင် ဒီအမှုမှာ အပြစ်မရှိတဲ့သူကို လွှတ်ပေးပြီး အစကနေ ပြန်ပြီး စိစစ်သင့်တယ်လို့ ထင်ပါတယ်။ မှန်မှန်ကန်ကန်နဲ့ လာဘ်ပေးလာဘ်ယူမရှိဘဲနဲ့ အစကနေပြန်ပြီး စိစစ်ဖော်ထုတ်သင့်တယ်လို့ ထင်ပါတယ်” ဟု ကိုမျိုးမြင့်ဇော် ဇနီးက တောင်းဆိုသည်။

ရာဇသတ်ကြီးဥပဒေ ပြဌာန်းချက်တွင် ၃၀၂(၁)(ဂ)အရ ရ နှစ်အထိ ထောင်ဒဏ်ချမှတ်ခြင်းခံထိုက်သော ပြစ်မှုကိုကျူးလွန်နေစဉ် လူသတ်မှုကျူးလွန်လျှင် ထိုသူကို သေဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။ 

စစ်ကောင်စီ ရဲတပ်ဖွဲ့က သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့သည့် မောင်မျိုးချစ်စိုးမှာ ၄ လနီးပါး အကျဉ်းထောင်အတွင်းမှ တရားရင်ဆိုင်ခဲ့ရပြီးနောက် ပြစ်မှုကျူးလွန်ခြင်းမရှိဟု စစ်ဆေးပေါ်ပေါက်သဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အမှုမှ အပြီးသတ် လွတ်မြောက်လာခဲ့သည်

#I001

ဗီဒီယိုများ