မနွယ်သန္တာဝင်းကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည့် တရားခံကို ULA က သေဒဏ်ချမှတ်

အသတ်ခံရ၍သေဆုံးသွားသည့် မနွယ်သန္တာဝင်းကို အဓမ္မပြုကျင့်ကာ လူသတ်မှုကျူးလွန်ခဲ့သည် ဟု စစ်ဆေးပေါ်ပေါက်သဖြင့် “မသေမချင်းကြိုးကွင်းစွပ်သတ်ရန်” ယနေ့ ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းတွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

By Admin 03 Feb 2023

မနွယ်သန္တာဝင်းကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည့် တရားခံကို ULA က သေဒဏ်ချမှတ်

မနွယ်သန္တာဝင်း အသတ်ခံရမှုဖြစ်စဉ်အား အမှုမှန်ပေါ်ပေါက်ရေးအတွက် စစ်တွေမြို့တွင် ကမ်ပိန်းများပြုလုပ်ခဲ့ကြစဉ်။

DMG ၊ ဖေဖော်ဝါရီ ၃

စစ်တွေမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးတွင်ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်ခဲ့သည့် တရားခံကို သေဒဏ်ချမှတ်လိုက်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) မှ စုံစမ်းသိရှိရသည်။

အသတ်ခံရ၍သေဆုံးသွားသည့် မနွယ်သန္တာဝင်းကို အဓမ္မပြုကျင့်ကာ လူသတ်မှုကျူးလွန်ခဲ့သည် ဟု စစ်ဆေးပေါ်ပေါက်သဖြင့် “မသေမချင်းကြိုးကွင်းစွပ်သတ်ရန်” ယနေ့ ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းတွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

“တရားခံ မျိုးမြင့်ဇော်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)(ဂ) အရ မသေမချင်း ကြိုးကွင်းစွပ်သတ်စေ ဆိုပြီးတော့ ULA/AA တရားရုံးက သေဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။ ဒီနေ့ဖေဖော်ဝါရီလ ၃ ရက် နံနက် ၁၀ ခွဲမှာ ကျနော်တို့ အပြီးသတ်စီရင်ချက်ချလိုက်တာ”  ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG ကို ပြောသည်။

အဆိုပါအမှုတွင် တရားခံက လူသတ်မှုအပြင် အဓမ္မပြုကျင့်မှုကိုလည်း ကျူးလွန်ခဲ့ကြောင်း ဦးခိုင်သုခက ဆက်လက်ပြောဆိုထားသည်။ သို့သော်လည်း မုဒိမ်းမှုမြောက်သည့် ကိစ္စနှင့်ပတ်သက်၍ အသေးစိတ်ကို ရှင်းပြခြင်း မရှိခဲ့ပေ။ သေဒဏ်ချမှတ်ထားသော်လည်း တရားခံကို အယူခံဆက်တက်နိုင်ရန်အတွက် အခွင့်အရေးပေးထားကြောင်း သိရသည်။

“ဒါပေမဲ့လည်း ဒီတရားခံကို ULA တရားရုံးချုပ်သို့ ဥပဒေနဲ့အညီ အယူခံဆက်တက်နိုင်ဖို့အတွက် အခွင့်အရေးပေးထားတယ်” ဟု ဦးခိုင်သုခက ဆက်ပြောသည်။

စစ်တွေမြို့၊ မင်းဂံရပ်ကွက်နေ အသက်(၁၈)နှစ်အရွယ် မနွယ်သန္တာဝင်းသည် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် စစ်တွေမြို့၊ မေယုလမ်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးရှိ ပလပ်စတစ်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်၌ အလုပ်လုပ်ကိုင်နေစဉ်အတွင်း ဓားဖြင့် ထိုးသတ်ခံခဲ့ရခြင်းဖြစ်သည်။ အမှုမှ ဆေးစာထွက်လာသည့်အချိန်တွင်လည်း အဓမ္မပြုကျင့်ခံရမှုရှိခဲ့သည်ဟု သတင်းများပျံနှံ့ခဲ့သည်။

ထိုအမှုနှင့်ပတ်သက်၍ ရခိုင်ပြည်သူအများစုက စိတ်ဝင်တစားရှိခဲ့ပြီး တရားခံအမှန်ပေါ်ပေါက်ရန် တောင်းဆိုလှုပ်ရှားမှုများ ရှိခဲ့သည်။ ထို့နောက် အမှုတွင်သံသယရှိသူ ဆိုင်မန်နေဂျာ ဦးမျိုးမြင့်ဇော်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူသတ်မှုဖြစ်စဉ်အတွက် ULA/AA နှင့် စစ်ကောင်စီတို့က ကျုးလွန်သူများကို အပြိုင်အဆိုင်ရှာဖွေကာ ရုံးတင်စစ်ဆေးခဲ့ကြသည်။ ယင်းအထဲမှ မနွယ်သန္တာဝင်းအလုပ်လုပ်ကိုင်သည့် ဆိုင်မှ မန်နေဂျာဟုဆိုသူ ဦးမျိုးမြင့်ဇော်မှာ လူသတ်တရားခံဖြစ်ကြောင်း ULA/ AA က သြဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ 

ULA/AA က သေဒဏ်အမိန့်ချမှတ်လိုက်ခြင်းမှာ ရခိုင်တွင် နောက်ဖြစ်လာမည် ထိုသို့အမှုများကို ပြည်သူများ အထူးသတိထားနိုင်အောင် လုပ်ဆောင်လိုက်ခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသမီးကွန်ယက်က ရှုမြင်သည်။

“ဒီလိုအမှုတွေ နောက်ထပ်မဖြစ်ရအောင် ရက္ခိုင့်တပ်တော်အနေနဲ့ အားလုံးကို စိစစ်ပြီးတော့ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ နောက်ဖြစ်လာမယ့်ဖြစ်စဉ်တွေမှာလည်း ရခိုင်ပြည်သူလူထုအနေနဲ့ အထူးသတိထားနိုင်လိမ့်မယ်လို့ ကျမအနေနဲ့မြင်တယ်” ဟု ရခိုင်အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

အခြားတစ်ဘက်တွင် မနွယ်သန္တာဝင်း အသတ်ခံရမှုနှင့် ပတ်သက်၍  စစ်ကောင်စီ ရဲတပ်ဖွဲ့က သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့သည့် မောင်မျိုးချစ်စိုးမှာ ပြစ်မှုကျူးလွန်ခြင်းမရှိဟု စစ်ဆေးပေါ်ပေါက်သဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အမှုမှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

ရာဇသတ်ကြီးဥပဒေပြဌာန်းချက်တွင် ၃၀၂(၁)(ဂ)အရ ၇ နှစ်အထိ ထောင်ဒဏ်ချမှတ်ခြင်းခံထိုက်သော ပြစ်မှုကို ကျူးလွန်နေစဉ် လူသတ်မှုကျူးလွန်လျှင် ထိုသူကို သေဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။ 

#R007

ဗီဒီယိုများ