တိုက်ပွဲကြောင့် ထားဝယ်-ထီးခီး ကုန်သွယ်ရေးစခန်း ပြန်ပိတ်

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထိုင်း-မြန်မာနယ်စပ် ထားဝယ်-ထီးခီးလမ်းပိုင်းတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေမှုကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းကို ယခုစက်တင်ဘာလ ပထမအပတ်မှစပြီး ပိတ်ထားလိုက်ရကြောင်း ကုန်သည်များထံမှသိရသည်။

22 Sep 2022

ထားဝယ်-ထီးခီး နယ်ကုန်သွယ်ရေးစခန်းကို တွေရစဉ်။ဓာတ်ပုံ- CJ

DMG ၊ စက်တင်ဘာ ၂၂

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထိုင်း-မြန်မာနယ်စပ် ထားဝယ်-ထီးခီးလမ်းပိုင်းတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေမှုကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းကို ယခုစက်တင်ဘာလ ပထမအပတ်မှစပြီး ပိတ်ထားလိုက်ရကြောင်း ကုန်သည်များထံမှသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်မှ ၁၈ ရက်နေ့အထိ ထားဝယ်-ထီးခီး နယ်စပ်ကုန်သွယ်ရေးဇုန်အနီးတွင် စစ်ကောင်စီတပ်နှင့် ကေအန်ယူ တပ်မဟာ(၄) KNDO ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလာမှုကြောင့် အဆိုပါလမ်းပိုင်းကို စစ်တပ်မှ သွားလာခွင့်ပိတ်ပင်ထားကြောင်း ထားဝယ်မြို့ရှိ ကုန်သည်တစ်ဦးကပြောသည်။

“ထားဝယ်-ထီးခီးလမ်းပိုင်းက သွားလို့မရတော့ဘူး။ တိုက်ပွဲတွေ ခဏခဏဖြစ်နေတော့ လမ်းပိုင်းကို စစ်တပ်က သွားလာခွင့်ပိတ်ထားတယ်။ ကုန်တင်ယာဉ်မောင်းတွေလည်း ယာဉ်မမောင်းရတော့ အခက်အခဲတွေဖြစ်ကုန်တယ်”ဟု ၎င်းကဆိုသည်။

ယင်းသို့ နယ်စပ်ကုန်သွယ်ရေးစခန်း ပိတ်ထားမှုကြောင့် ကုန်သည်တချို့မှာ မြဝတီမြို့နှင့် မြိတ်မြို့တို့မှတဆင့် ကုန်သွယ်ကြသော်လည်း ကုန်တင်ကုန်ချ၊ အသွားအလာနှင့် ကုန်စည်ပို့ဆောင်ခစရိတ် မြင့်မားမှုအပြင် မြန်မာကျပ်ငွေ ကျဆင်းမှုများကြောင့် ကုန်သွယ်ရေးလုပ်ငန်းအများစုမှာ ရပ်နားထားရသည်အထိ ဖြစ်လာနေကြောင်း မြိတ်မြို့ခံ ကုန်သည်များထံမှ သိရသည်။

မြိတ်မြို့ခံ ကုန်သည်တစ်ဦးက “ထီးခီးဂိတ်ပိတ်ထားတော့ မြဝတီနဲ့ မြိတ်ဘက်ကနေ ကုန်တွေပို့တာရှိခဲ့တယ်။ ဒါပေမယ့် ကုန်ကျစရိတ်နဲ့ ရတဲ့ဝင်ငွေနဲ့က မကာမိဘူးဖြစ်နေတော့ ကုန်သွယ်တာ ရပ်လိုက်ကြတယ်။ အချို့ကုန်သည်တွေက အခက်အခဲဖြစ်သွားတာပေါ့”ဟု ပြောသည်။

ထားဝယ်-ထီးခီး နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကို ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က ခေတ္တပိတ်ထားခဲ့ပြီး ဇွန်လတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ယခုစက်တင်ဘာလတွင် ထပ်မံပိတ်လိုက်ခြင်းလည်းဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် နီးစပ်သူများထံမှ သိရသည်။
ယခုကဲ့သို့ ပိတ်ထားမှုနှင့်ပတ်သက်ပြီး နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပေ။

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက “ဂိတ်က ဖွင့်လိုက်ပိတ်လိုက်လုပ်နေတာ ကြာပြီ။ ကိုဗစ်ကာလအတွင်း နားလည်မှုနဲ့ ဖွင့်ပေးတာရှိတယ်။ အခုသွားတဲ့လမ်းမှာက တိုက်ပွဲဖြစ် နေတော့ ပိတ်ဖို့ညွှန်ကြားလာတော့ ပိတ်ထားလိုက်ရတာ။ ဘယ်အချိန် ပြန်ဖွင့်မယ်ဆိုတာတော့ မသိရသေးဘူး”ဟု ဆိုသည်။

ထားဝယ်-ထီးခီး ကုန်သွယ်ရေးစခန်းသည် တနင်္သာရီနှင့် ထားဝယ်ဒေသ ရေထွက်ကုန်များနှင့် စိုက်ပျိုးရေးထွက်ကုန်များကို ထိုင်းနိုင်ငံသို့တင်ပို့နေပြီး ထိုင်းနိုင်ငံမှာ စက်သုံးဆီ၊ မီဖိုချောင်သုံးဂတ်စ်၊ သီးနှံများနှင့် စားသောက်ကုန်ပစ္စည်းများကို ပြန်လည် တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ