- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
မေယုတောင်ကြော၌ ဝမ်းစာရှာရန်သွားသည့် ဘူးသီးတောင်ဒေသခံသုံးဦး ပျောက်ဆုံးနေ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အာကာပျံကျေးရွာမှ ဒေသခံကျေးရွာသားသုံးဦးတို့မှာ ဝမ်းစာရှာဖွေရန် အတွက် မေယုတောင်ကြောသို့ထွက်သွားပြီးနောက် ပျောက်ဆုံးလျက်ရှိနေကြောင်း သတင်းရရှိသည်။
14 Apr 2021
DMG ၊ ဧပြီ ၁၄
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အာကာပျံကျေးရွာမှ ဒေသခံကျေးရွာသားသုံးဦးတို့မှာ ဝမ်းစာရှာဖွေရန် အတွက် မေယုတောင်ကြောသို့ထွက်သွားပြီးနောက် ပျောက်ဆုံးလျက်ရှိနေကြောင်း သတင်းရရှိသည်။
အဆိုပါကျေးရွာသားသုံးဦးမှာ ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းက မေယုတောင်ကြောသို့ ထွက်သွားကြခြင်းဖြစ်ပြီး ယနေ့(ဧပြီလ ၁၄ ရက်)နေ့အထိ ရှာမတွေ့သေးကြောင်း ဒေသခံများထံမှသိရသည်။
ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေလှအောင်က “ပျောက်နေတာက ဧပြီလ ၈ ရက်နေ့ ကတည်းက၊ ဒီနေ့အထိရှာမရသေးဘူးလို့သိရတယ်။ သူတို့ကအမြဲတမ်း မေယုတောင်ကြောထဲမှာ ငါးရှာ၊ ဖားရှာဖို့သွားကြတာတဲ့။ ရွာသားတွေလိုက်ရှာနေကြတယ်လို့သိရတယ်” ဟု ဆိုသည်။
ယင်းသို့ပျောက်ဆုံးနေသူများမှာ အာကာပျံကျေးရွာမှ ဦးမောင်မောင်သန်း ၄၈ နှစ်၊ ဦးဇော်အောင်သန်း ၃၅ နှစ်နှင့် ဦးအောင်နိုင်ဌေး ၃၅ နှစ်တို့ဖြစ်ကြောင်း သိရသည်။
အာကာပျံကျေးရွာသည် မေယုတောင်ခြေနှင့် တစ်မိုင်ကျော်ခန့်သာဝေးပြီး ကျေးရွာတွင် လူဦးရေ ၂၉၀ ကျော် နေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်သည်။
ပျောက်ဆုံးနေသူများကို လိုက်လံရှာဖွေရာတွင် ပါဝင်ခဲ့သည့် အာကာပျံကျေးရွာမှ ကိုအဝင်းချေက “ကျွန်တော်တို့ရွာသူရွာသား ၄၀ ကျော်လောက်စုပေါင်းပြီးလိုက်ရှာကြတော့ သေနတ်ကိုင်ထားပြီး အမဲဝတ်စုံ ဝတ်ထားတဲ့ မွတ်ဆလင်တစ်ဦးထွက်ပြေးတာတွေ့ခဲ့ကြတယ်။ အဲ့ဒါနဲ့ ပါလာတဲ့လူကြီးတွေက အန္တရာယ် ရှိတာကြောင့် ရှေ့တို့မရှာကြဖို့ တားကြတော့ပြန်လှည့်လာခဲ့ကြတယ်”ဟု ပြောသည်။
ထို့ကြောင့် ပျောက်ဆုံးနေသည့် အာဏာပျံကျေးရွာသားသုံးဦးမှာလည်း လက်နက်ကိုင်များထံ ဖမ်းဆီးခံထားရ နိုင်ကြောင်း ကျေးရွာသားများက ယူဆကြသည်။
ယခုနှစ် ဇန်နဝါရီအတွင်းကလည်း မောင်တောမြို့နယ်တောင်ပိုင်း အောင်သုခကျေးရွာမှ ရွာသားနှစ်ဦးမှာ မေယု တောင်ခြေသို့ ဝါးခုတ်ရန်သွားစဉ် လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးရိုက်နှက်မှုကိုခံခဲ့ရသဖြင့် ဆေးရုံသို့ တက်ရောက်ကုသမှုခံယူခဲ့ရသေးသည်။