သတင်းအဖွဲ့ | DMG
မတ်လ ၁၁၊ စစ်တွေ

ယနေ့ မတ်လ ၁၁ ရက်နေ့တွင် စတင်စစ်ဆေးသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရခိုင်ပြည်နယ်ရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၄၀၂၂)ဦးရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူ ၄၉၁၈၃ ဦးရှိသည့်အနက် မြန်မာစာဘာသာရပ်ကို ၄၅၁၆၁ ဦးသာ ဖြေဆိုခဲ့ကြခြင်းဖြစ်သည်။

တိုက်ပွဲများဖြစ်ပွားနေသည့် မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ အမ်း၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်ဖြူ၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်တို့က စာစစ်ဌာန (၂၀)ခုကို လုံခြုံစိတ်ချရသည့် စာစစ်ဌာနများတွင် ပြောင်းရွှေ့စစ်ဆေးခဲ့သည်။

ထိုသို့ စာစစ်ဌာနပြောင်းရွှေ့စစ်ဆေးရသောကြောင့် မြို့ပေါ်တွင် နေထိုင်ပြီး စာမေးပွဲဖြေဆိုရန် ငွေကြေးအခက်အခဲရှိသဖြင့် စာမေးပွဲမဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူတစ်ချို့ ရှိသည်ဟု ပညာရေးဝန်ထမ်းများထံမှ သိရသည်။

“ငွေကြေးပမာဏနဲ့လည်းဆိုင်သလို ကျန်တဲ့အပိုင်းနဲ့လည်း ဆိုင်တယ်။ ချောင်းကို ပိတ်လိုက်တဲ့အခါ စီးပွားရေးအနေအထားအရ အဓိကက ကိုင်းလုပ်တဲ့သူတွေများတယ်။ အဲဒါ (ချောင်းပိတ်လိုက်တော့) သီးနှံတွေကို ရောင်းချနိုင်တာမရှိတော့ဘူး” ဟု ဒါးလက်ကျေးရွာ အထကကျောင်းမှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

မူလက အမ်းမြို့နယ်၊ ဒါးလက်အထက်တန်းကျောင်းစာစစ်ဌာနတွင် စာမေးပွဲဖြေဆိုရန် ပြင်ဆင်ထားသော်လည်း လုံခြုံရေးအခြေအနေအရ မြို့ပေါ်ကျောင်းများသို့ ပြောင်းရွှေ့စစ်ဆေးလိုက်ခြင်းဖြစ်သည်။ ဒါးလက်ကျောင်းမှ ဖြေဆိုရန် လျှောက်ထားသူ ၂၀၀ ကျော်အနက် ၅၀ ဦးခန့်မဖြေဆိုပေ။ ယင်းအထဲတွင် ငွေကြေးအခက်အခဲကြောင့် မဖြေဆိုသူများရှိသကဲ့သို့ ကျန်းမာရေးမကောင်းသဖြင့် မဖြေဆိုသူများရှိသည်ဟု အဆိုပါ ပညာရေးဝန်ထမ်းက ဆိုသည်။

တက္ကသိုလ်ဝင်ကျောင်းသားများသည် တစ်နှစ်ပတ်လုံး စာကြိုးစားခဲ့ပြီး စာမေးပွဲဖြေဆိုနေခြင်းဖြစ်သဖြင့် စာမေးပွဲကာလတွင် တိုက်ပွဲဖြစ်ပွားမှုများမရှိစေချင်ဟု ရသေ့တောင်မြို့နယ်မှ ကျောင်းသားမိခင် ဒေါ်သိန်းယဉ်က ပြောသည်။

“စာမေးပွဲဖြေဆိုနေတဲ့အချိန်မှာ ပစ်ခတ်သံတွေကို မကြားစေချင်ဘူး။ အေးအေးဆေးဆေးနဲ့ စာမေးပွဲကို ပြီးစီးအောင် ဖြေစေချင်တယ်။ ဆူဆူပူပူဖြစ်နေလို့ရှိရင် စာမေးပွဲမဖြေဆိုဘဲ နေရမှာကိုလည်းကြောက်တယ်။ မရှိမဲ့ရှိမဲ့ အကုန်ကျခံပြီး သင်ထားတာဖြစ်တဲ့အတွက် ကုန်ထားတာတွေကိုလည်း အဆုံးမခံချင်ဘူး” ဟု ၎င်းက ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၉၇၁၄၀၇ )ဦးရှိသည့်အနက် ဖြေဆိုရန် ပျက်ကွက်သူ ( ၆၁၁၃၄ )ဦးရှိသည်ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

Author: Admin