ရခိုင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွဲ(၁)နှင့်(၇) ဖြေဆိုခဲ့သူ ၁၆,၄၀၀ ကျော်ရှိ

ရခိုင်ပြည်တွင် အတွဲ (၇) ဇီဝဗေဒဘာသာတွဲနှင့် အတွဲ (၁) ဘောဂဗေဒဘာသာတွဲ ဖြေဆိုမည့် ကျောင်းသား/သူ ၁၈,၈၈၅ ဦးရှိရာမှ ၁၆,၄၅၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။ 

By Admin 15 Mar 2023

စစ်တွေမြို့တွင် ယနေ့ စာမေးပွဲဖြေဆိုပြီး ပြန်လာသည့် ကျောင်းသား/သူများအား တွေ့ရစဉ်။
စစ်တွေမြို့တွင် ယနေ့ စာမေးပွဲဖြေဆိုပြီး ပြန်လာသည့် ကျောင်းသား/သူများအား တွေ့ရစဉ်။

DMG ၊ မတ် ၁၅

တစ်နိုင်ငံလုံးတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့ထိ စစ်ဆေးလျှက်ရှိရာ ရခိုင်ပြည်တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာတွဲမှ ကျောင်းသား/သူ စုစုပေါင်း ၁၆,၄၅၁ ဦး ဖြေဆိုခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။

ရခိုင်ပြည်တွင် အတွဲ (၇) ဇီဝဗေဒဘာသာတွဲနှင့် အတွဲ (၁) ဘောဂဗေဒဘာသာတွဲ ဖြေဆိုမည့် ကျောင်းသား/သူ ၁၈,၈၈၅ ဦးရှိရာမှ ၁၆,၄၅၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။ 

“ပျက်ကွက်ကြတာကတော့ ဘယ်ဘာသာမှ ပျက်ကြတာလို့ မဟုတ်ပါဘူး။ အစကတည်းက ကတ်မထုတ်လို့ ပျက်တာတွေ၊ တခြားကကြောင့် ပျက်တာတွေလည်း ပါမှာပေါ့” ဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က DMG ကို ပြောသည်။

ဇီဝဗေဒဘာသာတွဲတွင် စာမေးပွဲဖြေဆိုရန် ကျောင်းသား/သူ စုစုပေါင်း၂,၂၁၄ ဦးရှိရာမှ ကျောင်းသား ၂၄၁ ဦးနှင့် ကျောင်းသူ ၈၂ ဦး စုစုပေါင်း ၃၂၃ ဦး ပျက်ကွက်ခဲ့ခြင်းဖြစ်ပြီး ဖြေဆိုခဲ့သူ ၁,၈၉၁ ဉီးရှိသည်။ 

ဘောဂဗေဒဘာသာတွဲတွင် စာမေးပွဲဖြေဆိုရန် ကျောင်းသား/သူ စုစုပေါင်း ၁၆,၆၇၁ ဦးရှိရာမှ ကျောင်းသား ၁,၀၄၄ ဦးနှင့် ကျောင်းသူ ၁,၀၆၇ ဦး စုစုပေါင်း ၂,၁၁၁ ဉီး ပျက်ကွက်ခဲ့ပြီး ဖြေဆိုခဲ့သူ ၁၄,၅၆၀ ဉီးရှိကြောင်း သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရခိုင်(၁၇) မြို့နယ်တွင် မြို့ပေါ်စာစစ်ဌာန နေရာ ၆၀ ဖွင့်လှစ်ကာ စစ်ဆေးနေခြင်းဖြစ်ပြီး ပထဝီဝင်၊ သမိုင်းနှင့် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်များကို ဆက်လက် စစ်ဆေးရန် ကျန်ရှိနေသေးသည်။

လက်ရှိစစ်ဆေးပြီးသည့် ဘာသာရပ်များထဲတွင် သင်္ချာဘာသာရပ်ကို ကျောင်းသား/သူ အများစုက ဖြေဆိုနိုင်မှု အားနည်းခဲ့ကြောင်း သိရသည်။

“ဘောဂဘာသာက ဂုဏ်ထူးထွက်ဖို့ ထင်တယ်။ ဖြေခဲ့တဲ့ ဘာသာတွေထဲမှာ သင်္ချာဘာသာက သိပ်အားမရဘူး။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ဖြေခဲ့တဲ့ ကျောင်းသား/သူအကုန်လုံးကို ဂုဏ်ထူးတွေပါပြီးတော့ တက္ကသိုလ်မှာ ကျမတို့ အတူတူ ဆုံတွေ့ချင်ပါတယ်” ဟု စစ်တွေမြို့ အထက (၂) တွင် စာမေးပွဲဖြေဆိုခဲ့သူ မမေတင်ဌေးက ပြောသည်။

စနစ်ဟောင်း သင်ရိုးညွှန်းတမ်းဖြင့် ပညာသင်ကြားရမည့်စနစ်သည် ယခုတစ်နှစ်သာကျန်ရှိပြီး ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျရှုံးခဲ့လျှင်  နောက်နှစ်များတွင် စနစ်သစ် သင်ရိုးတမ်းညွှန်းတမ်းဖြင့် ဆက်လက် ပညာသင်ကြားကြရမည် ဖြစ်သည်။

“စနစ်ဟောင်းက မရှိတော့ဘူးဆိုတော့ စနစ်သစ်ပြောင်းတက်ရမှာ အခက်အခဲတွေ ရှိကြမှာပေါ့။ နောက်ပြီး မိဘတွေကလည်း ကျောင်း ထပ်ထားပေးဖို့ အခက်ခဲတွေလည်းရှိမယ်။ စနစ်သစ်ဆိုတော့ ကိုယ်သင်ခဲ့ရတဲ့စာတွေနဲ့ မတူဘူး။ အသစ်ပြန်သင်ရမှာ။ ဖြေခဲ့တဲ့အထဲမှာ သင်္ချာမေးခွန်းက နည်းနည်းခက်တယ်။ သူငယ်ချင်းတွေလည်း အဲဒီဘာသာကို မဖြေနိုင်ခဲ့ဘူးလို့ ပြောကြတယ် ” ဟု ကျောင်းသူ မမျိုးနန္ဒာက ပြောသည်။

စစ်တွေမင်းဂံရပ်ကွက်မှ ကျောင်းသားမိဘဖြစ်သူ ဒေါ်လှဝင်းဦးကလည်း  “သားလေးအခြေနေကို တအားကြီးတော့ အားမရဘူး။ သင်္ချာနေ့ကဆိုရင် ကလေးတချို့ ငိုသူငိုပြီး ထွက်လာကြတယ်။ ကလေးတွေ တစ်နှစ်လုံး ကြိုးစားထားကြတာကို ဒီနှစ်အောင်စေချင်တယ်။ ဒီနှစ်သာ တစ်ခုခုလွဲချော်ခဲ့ရင် ကလေးတွေ လေလွင့်ပြီး ကျောင်းဆက်မတက်ဘဲ ပျက်စီးသွားမှာကို စိုးတယ်။ ဆယ့်နှစ်တန်းထိ ဆိုတော့ ဒီကလေးတွေကလည်း စိတ်ဝင်စားကြတော့မှာ မဟုတ်ဘူး” ဟု ဆိုသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရခိုင်ပြည်အတွင်းမှ ကျောင်းသား/သူ စုစုပေါင်း ၁၉,၂၉၀ ဦး ဝင်ရောက်ဖြေဆိုခွင့် လျှောက်ထားခဲ့ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။ 

#R005

ဗီဒီယိုများ