ရခိုင် တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်းတိုးလာ

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ရခိုင်ပြည်အောင်ချက်မှာ ၄၇ ဒသမ ၂၅ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုနှစ်တွင် အောင်ချက် ၁၁ ဒသမ ၆၁ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။

By Admin 09 Jun 2023

ရခိုင် တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်းတိုးလာ

DMG ၊ ဇွန် ၉

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းရလဒ်များကို ယနေ့ ဇွန်လ ၉ ရက်နေ့ နံနက် ၆ နာရီတွင် သက်ဆိုင်ရာစာစစ်ဌာနများက ထုတ်ပြန်ကြေငြာချက်အရ ရခိုင်တပြည်လုံး အောင်ချက်ရာခိုင်နှုန်းမှာ ၅၈ ဒသမ ၈၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ရခိုင်ပြည်အောင်ချက်မှာ ၄၇ ဒသမ ၂၅ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုနှစ်တွင် အောင်ချက် ၁၁ ဒသမ ၆၁ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်က ရခိုင်တွင် ဖြေဆိုသူအရေအတွက် ၄၁,၇၅၅ တွင် အောင်မြင်သူ ၁၉, ၇၂၉ ဦးရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၁၆, ၉၂၈ ဦးဖြေဆိုရာတွင် အောင်မြင်သူ ၉, ၉၆၄ ဦးထိရှိခြင်းဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းမှာ ဆရာ/မများ၊ ကျောင်းသား/သူများ၏ ကြိုးစားမှုနှင့် ကျောင်းသားမိဘတို့၏ ပံ့ပိုးပေးမှုကြောင့်ဟု ပညာရေးအသိုင်းအဝိုင်းက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင် အထက ကျောင်းအုပ်ဆရာကြီး ဦးကံဌေးလင်းက “ဒီနှစ်မှာက ကျောင်းကြီးတက်ရတာလည်း မရှိဘူး။ အရင်ကဆိုရင် ကျောင်းကြီးတက်နေရတဲ့အခါ စာသင်နေရတယ်။ စာကျက်ချိန်ထက် စာသင်ချိန်များသွားတာပေါ့။ ဒီနှစ်မှာတော့ ပြင်ပသမားတွေဖြစ်တဲ့အတွက် စာသင်ဝိုင်းတွေမှာ သေချာကြပ်မတ်ပြီး သူတို့အားနည်းတဲ့ဘာသာတွေကို အာရုံစိုက်ပြီးလုပ်ဖို့ အချိန်ရသွားတယ်။ စာသင်ချိန်ထက် စာလုပ်ချိန်များတဲ့အတွက်ကြောင့် အောင်ချက်မြင့်မားလာတယ်လို့ သုံးသပ်မိပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ယခင်နှစ်ကထက်မြင့်တက်မှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်အား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။

မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်သူတစ်ဦး၏ ဖခင်ဦးစံရွှေမောင်က သမီးဖြစ်သူ ဆယ်တန်းအောင်မြင်မှုကို ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောသည်။

“ပညာရှိမှပွဲလယ်တင့်တယ်နိုင်မှာဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စာသင်တာမျိုးပါ။ အနာဂတ် နောင်လာနောက်သားတွေကို မိဘတွေကလည်း ပညာရေးကို အလေးထားပြီး စာသင်ပေးစေချင်ပါတယ်” ဟု ဦးစံရွှေမောင်က ပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရခိုင် ၁၇ မြို့နယ်တွင် မြို့ပေါ် စာစစ်ဌာန နေရာ ၆၀ ဖွင့်လှစ်ကာ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ကျရှုံးသူများမှာ စနစ်သစ်သင်ရိုးညွှန်းတမ်းဖြင့် ဆက်လက် ပညာသင်ကြားကြရမည် ဖြစ်သည်။

တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ စုစုပေါင်း ၁၆၁,၈၅၀ ဦးရှိခဲ့ပြီး အောင်မြင်သူဦးရေ ၁၀၉,၈၅၁ ဦးရှိကာ အောင်ချက်ရာခိုင်နှုန်း ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းရှိသည်။

#I003

ဗီဒီယိုများ