တိုက်ပွဲဖြစ်ပွားမှုနှင့် သွားလာခွင့်ပိတ်ပင်ထားမှုကြောင့် ရခိုင်မှ စာသင်ကျောင်း ၅၀ နီးပါး ယာယီပိတ်ထား

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာနေမှုနှင့် တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာမှုတို့ကြောင့် ရခိုင်ပြည် မြို့နယ်(၃)မြို့နယ်အတွင်းမှ အစိုးရစာသင်ကျောင်း (၅၀)ခန့်ကို ယာယီပိတ်ထားရကြောင်း DMG ၏စုံစမ်းမှုအရ သိရသည်။

08 Sep 2022

ရခိုင်ပြည်အတွင်းက အစိုးရစာသင်ကျောင်းတစ်ခုတွင် ကျောင်းသား၊သူများအား တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၈

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာနေမှုနှင့် တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာမှုတို့ကြောင့် ရခိုင်ပြည် မြို့နယ်(၃)မြို့နယ်အတွင်းမှ အစိုးရစာသင်ကျောင်း (၅၀)ခန့်ကို ယာယီပိတ်ထားရကြောင်း DMG ၏စုံစမ်းမှုအရ သိရသည်။

လက်ရှိပိတ်ထားရသည့် စာသင်ကျောင်းများမှာ မောင်တောမြို့နယ်အတွင်းက စာသင်ကျောင်း(၃၈)ကျောင်းခန့်၊ ရသေ့တောင်မြို့နယ်မှ စာသင်ကျောင်း (၁၀)ကျောင်းခန့်နှင့် မြောက်ဦးမြို့နယ်မှ စာသင်ကျောင်း (၃)ကျောင်းတို့ဖြစ်ကြသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် မောင်တောမြောက်ပိုင်းမှ တရိမ်း၊ မင်္ဂလာညွန့်၊ ဆင်သေပြင်၊ ကြိမ်ချောင်း၊ ဝေလာတောင်၊ မီးတိုက်၊ မြဝတီ၊ မောင်းခမောင်း၊ ဝတ်ကျန်း၊ ရန်အောင်ပြင် စသည့်ကျေးရွာများမှ စာသင်ကျောင်း (၂၈)ကျောင်းခန့်ကို ယာယီပိတ်ထားရသည်ဟု မောင်တောမြို့နယ်ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။

လက်ရှိတွင် စစ်ဘေးရှောင်ကျောင်းသား၊သူများကို နီးစပ်ရာစာသင်ကျောင်းများတွင် ပညာသင်ကြားခွင့်ရရှိအောင် စီစဉ်ဆောင်ရွက်ပေးထားသည်ဟု မောင်တောမြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းတစ်ဦးကပြောသည်။

“သူတို့တွေကို နီးစပ်ရာကျောင်းတွေမှာ ယာယီတက်ဖို့အတွက်ပြောထားတယ်။ မောင်တော (လေး)မိုင်နဲ့ နီးစပ်တဲ့ရွာတွေကိုရောက်နေတဲ့ ကျောင်းသားတွေကို အ.ထ.က(လေး)မိုင်မှာ ကျောင်းတက်ဖို့ စီစဉ်ခိုင်းထားတယ်။ နီးစပ်ရာကျောင်းတွေမှာတက်ဖို့အတွက် အကုန်လုံးကိုပြောထားတယ်။ သင့်တော်တဲ့ နီးစပ်ရာကျောင်းတွေမှာ တက်ခိုင်းပြီးတော့ တခြားလိုအပ်တဲ့နေရာတွေမှာ အစီအစဉ်ချပြီး သက်ဆိုင်ရာကျောင်းက ဆရာ၊မတွေကိုလည်း သင်ကြားပေးဖို့စီစဉ်ဆောင်ရွက်နေတယ်”ဟု ၎င်းကဆိုသည်။

မောင်တောမြို့နယ်တွင် စစ်ဘေးရှောင်ကျောင်းသား၊သူဦးရေ (၂၀၀)နီးပါးအထိရှိလာပြီး ၎င်းတို့မှာ မောင်တောမြို့အနီးရှိ (သုံး)မိုင်ပရဟိတဘုန်းတော်ကြီးကျောင်း၊ အောင်ဗလဘုန်းတော်ကြီးကျောင်း၊ သာသနာ့ဗိမာန်ဘုန်းတော်ကြီးကျောင်းနှင့် နီးစပ်ရာ ဆွေမျိုးများထံတွင် ခိုလှုံနေကြသည်။

ယင်းအပြင် မောင်တောတောင်ပိုင်းမှ ကားလမ်းများကို သွားလာခွင့်ကန့်သတ်ထားသဖြင့် မောရဝတီ၊ ညောင်ချောင်း၊ ခရေမြိုင်၊ ကိုင်းကြီး၊ ညောင်ပင်ကြီး၊ သဝင်ချောင်းခွဆုံ စသည့်ကျေးရွာများမှ စာသင်ကျောင်း (၁၀)ကျောင်းခန့်ကို ယာယီပိတ်ထားရသည်ဟု မြို့နယ်ပညာရေးမှူးရုံးမှ အဆိုပါပညာရေးဝန်ထမ်းကပြောသည်။

“တောင်ပိုင်းမှာဆိုရင် တချို့ရွာတွေမှာရှိတဲ့ ကျောင်းသားတွေနဲ့မိဘတွေက ကျောင်းတက်ဖို့လွှတ်တဲ့ကျောင်းသားတွေက တက်နေတယ်။ တချို့ရွာတွေမှာဆိုရင် မိဘတွေကစိုးရိမ်ပြီး ကျောင်းကိုမလွှတ်ဘူး။ ဆရာ၊မတွေကတော့ ကျောင်းမှာရှိတယ်ပေ့ါ။ မိဘတွေက ကိုယ့်သားသမီးကိုစိုးရိမ်ပြီး မလွှတ်တဲ့ကျောင်း သုံးကျောင်းလောက်ရှိတယ်။ မောင်တောက လှမ်းတက်တဲ့ဆရာ၊မတွေကများတယ်။ ဆိုတော့ ဂိတ်တွေတွေဖြတ်ကျော်ရတယ်။ အဲဒီဂိတ်တွေက သွားလာခွင့်မပြုတဲ့အတွက် ဆရာ၊မတွေပြန်လာတယ်။ အရင်ကလည်း ဆရာ၊မတွေက သွားကြတယ်။ အဲဒီကခွင့်မပြုတော့ ပြန်လာရတာလည်းရှိတယ်”ဟု သူကဆိုသည်။

လက်ရှိမောင်တောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုနှင့် သွားလာခွင့်ကန့်သတ်ထားမှုကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်း (၃၈)ကျောင်းထဲတွင် အ.ထ.ကကျောင်း ၂ ကျောင်း၊ အ.ထ.က(ခွဲ) ၁ ကျောင်း၊ အ.လ.က ၁ ကျောင်း၊ အ.လ.က(ခွဲ) ၄ ကျောင်း၊ မူလွန် (၁၅)ကျောင်း၊ အ.မ.က (၁၁)ကျောင်း၊အ.မ.က (၄)ကျောင်းတို့ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လနောက်ဆုံးအပတ်တွင် ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ်အတွင်းက ရက်ခုန်တိုင်၊ သမီးလှ၊ ရေမျက်၊ ကုလားချောင်း၊ ညောင်ပင်လှ၊ ဗောဓိကုန်း၊ ကျောက်ရန်သာစည်၊ မောင်ဖြူရွာ၊ ဒုံးပိုက်၊ ကိုးတန်ကောက် စသည့်ကျေးရွာများမှ အစိုးရစာသင်ကျောင်း (၁၀)ကျောင်းခန့် ယာယီပိတ်ထားရသည်ဟု အရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

အဆိုပါစာသင်ကျောင်းများမှာ ပညာရေးဌာနမှ တရားဝင်ပိတ်ထားခြင်းမဟုတ်သော်လည်း ကျေးရွာအတွင်း ကျောင်းသား၊ကျောင်းသူများ မရှိဘဲဖြစ်နေသည့်အတွက် ယာယီပိတ်ထားရသည့်သဘောမျိုးဖြစ်သည်ဟု ရသေ့တောင်မြို့နယ်မှ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ကော်မတီဝင်တစ်ဦးက ပြောသည်။

“ပိတ်ထားတာက အစိုးရ(စစ်ကောင်စီ)က ပိတ်ထားတာမဟုတ်ဘူး။ ကျောင်းသားတွေဟာ မိဘတွေနဲ့အတူ တိုက်ပွဲတွေကို ကြောက်လန့်ပြီး ရှောင်ပြေးလာကြတာဖြစ်တဲ့အတွက် ကျောင်းမတက်ရဘဲ လက်ရှိမှီခိုနေတဲ့ရွာတွေမှာ နေထိုင်နေကြရတယ်။ အစိုးရက တရားဝင်ပိတ်တာလည်းမဟုတ်ဘူး။ မိဘပြေးရင် ကျောင်းသားတွေကလည်း ပြေးတယ်။ ရွာမှာ ကျောင်းသား၊မိဘတွေမရှိရင် ကျောင်းဆရာ၊မတွေလည်းပြေးတယ်။ အဲဒီလိုဖြစ်နေတယ်”ဟု သူကဆိုသည်။

ရသေ့တောင်မြို့နယ်တွင် စာသင်ကျောင်းများပိတ်ထားရမှု အခြေအနေနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဦးထွန်းရွှေအား ဆက်သွယ်မေးမြန်းရာတွင် “အဲဒါက ကျောင်းအုပ်တွေက ကျနော်တို့ဆီကို ကျောင်းပိတ်ထားတယ်လို့ တင်ပြလို့မရှိဘူး။ ကျနော်လည်း နေပြည်တော်ကိုရောက်နေတယ်”ဟု ပြောသည်။

ယင်းအပြင် သြဂုတ်လအတွင်းတွင် မြောက်ဦးမြိုနယ်၊ လက္ကာကျေးရွာအနီး မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခြင်း၊ မြန်မာစစ်တပ်မှ လက်နက်ကြီးများရမ်းသမ်းပတ်ခတ်ခြင်းများကြောင့် ကင်းဆိပ်၊ လက္ကာ၊ ဝေသာလီ၊ ကလက စသည့်ကျေးရွာများမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိတွင် ကျေးရွာအချို့မှဒေသခံများမှာ နေရပ်ပြန်သွားကြသော်လည်း လက္ကာ၊ ကင်းဆိပ်၊ ချောင်းနားကျေးရွာတို့မှ ဒေသခံများမှာ နေရပ်မပြန်နိုင်ကြသေးသည့်အတွက် စာသင်ကျောင်းများမှာလည်း ယာယီပိတ်ထားရသည်ဟု သိရသည်။

ကင်းဆိပ်ကျေးရွာသားတစ်ဦးက “ရွာသားတွေက မပြန်ကြသေးဘူး။ လောလောဆယ် ယာယီအားဖြင့်သွားကြတယ်။ လာကြတယ်။ အဲဒီလိုပါပဲ။ ရွာမှာနေထိုင်ကြတာလည်းမရှိသေးဘူး။ ဆိုတော့ စာသင်ကျောင်းတွေလည်း ပိတ်ထားရတာပေ့ါ”ဟု သူကဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့က မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာတွင် မြန်မာစစ်တပ်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သား ၃ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၈ ဦး ရှိခဲ့သည်။

လတ်တလောတိုက်ပွဲများကြောင့် မောင်တော၊ ရသေ့တောင်၊ မြောက်ဦးနှင့် ပလက်ဝမြို့နယ်တို့တွင် စစ်ဘေးဒုက္ခသည်ဦးရေ (၆၆၀၀)ကျော်အထိရှိလာနေပြီး စစ်ဘေးဒုက္ခသည်ဦးရေမှာ တစ်နေ့ထက်တစ်နေ့ ပိုများလာနေသည်။

ရခိုင်ပြည်တွင် ယခု ၂၀၂၂ ခုနှစ်အတွင်း စစ်တပ်နှင့် AA တို့ကြား အပြန်အလှန်ဖမ်းဆီးခြင်းများဖြစ်ပေါ်ခဲ့ပြီးနောက် များမကြာမီ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာခြင်းဖြစ်ပြီး လက်ရှိအချိန်ထိလည်း စစ်ရေးတင်းမာလျက်ရှိနေကြသည်။

ဗီဒီယိုများ