စစ်တွေမြို့ ဘုမေရပ်ကွက်မှ ကျူးကျော်တဲအိမ်များဖြိုဖျက်ခံရပြီး နေထိုင်သူလေးဦးကိုလည်း ရဲကဖမ်းဆီး စစ်ဆေးနေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘုမေရပ်ကွက်က မြေကွက်လပ်နေရာတွင် ဆောက်လုပ်နေထိုင်နေသည့် ကျူးကျော်တဲအိမ်များကို ရဲတပ်ဖွဲ့နှင့် ဒေသအာဏာပိုင်များက ဧပြီလ ၂၁ ရက်နေ့တွင် ဖြိုဖျက်ခဲ့ကြသည်။

26 Apr 2021

DMG ၊ ဧပြီ ၂၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘုမေရပ်ကွက်က မြေကွက်လပ်နေရာတွင် ဆောက်လုပ်နေထိုင်နေသည့် ကျူးကျော်တဲအိမ်များကို ရဲတပ်ဖွဲ့နှင့် ဒေသအာဏာပိုင်များက ဧပြီလ ၂၁ ရက်နေ့တွင် ဖြိုဖျက်ခဲ့ကြသည်။

နေအိမ်များဖြိုဖျက်ခံရသဖြင့် ယင်းနေရာအနီးတွင် ဖြစ်သလိုနေထိုင်နေသူများထဲမှ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသား နှစ်ဦးတို့ကို ရဲတပ်ဖွဲ့မှ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံရသူများထဲမှ ဒေါ်သန်းနု (၃၂)နှစ်၊ ဒေါ်မလှသိန်း (၆၀)နှစ်၊ ဦးသာပန်းခိုင် (၇၃)နှစ်တို့ကို ဧပြီလ ၂၄ ရက်နေ့ ည(၁၀)နာရီကျော်အချိန်တွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ဦးကေသာထွန်း (၆၀)နှစ်မှာ နေမကောင်း သဖြင့် နောက်တစ်နေ့ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဒေါ်သန်းနု၏ ယောင်္ကျား ဦးဇော်မင်းထွန်းက “ဘာဖြစ်လို့ဖမ်းတာလဲ မေးတော့ စစ်ဆေးစရာရှိတယ်၊ မိုးလင်းတာနဲ့ပြန်လွှတ်ပေးမယ်ဆိုပြီးတော့ပြောတယ်။ သေနတ်ကတော့ တစ်ချက် ဖောက်ခဲ့တယ်” ဟု ဆိုသည်။

ဒေါ်သန်းနုဖမ်းဆီးခေါ်ဆောင်ခံရစဉ် တစ်နှစ်ကျော်အရွယ်သားဖြစ်သူလည်း မိခင်နှင့်အတူ ပါဝင်သွားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် ဦးသာဗန်းခိုင်၏ သမီး မခင်ဇော်ဝင်းက “ကျမအဖေက ကျန်းမာရေးလည်း သိပ်မကောင်းဘူး။ အခုဆိုရင် ကျမတို့မှာနေစရာလည်းမရှိဘူး၊ စားစရာလည်းမရှိတော့ဘူး။ ကျမအဖေကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်” ဟု ပြောသည်။

ထိုသို့ ဖမ်းဆီးထားသူလေးဦးအား စစ်တွေမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းသိရှိရသဖြင့် စခန်းတာဝန် ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့အား စစ်ဆေးစရာများရှိနေသည့်အတွက် ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း ရဲအရာရှိတစ်ဦးကပြောသည်။

“သူတို့ကို အာမခံရရင်လွှတ်ပေးမှာပါ။ အခုက စစ်ဆေးစရာနည်းနည်းရှိလို့ ထိန်းသိမ်းထားတာပါ” ဟု ၎င်းရဲအရာရှိက ဆိုသည်။

ဘုမေရပ်ကွက်၊ ရထားလမ်းဘေးရှိ မြေကွက်လပ်နေရာတွင် ဆောက်လုပ်နေထိုင်နေသည့် ကျူးကျော်တဲအိမ် အလုံး ၁၀၀ ကျော်ကို ဒေသအာဏာပိုင်များမှ ဖြိုဖျက်ဖယ်ရှားခဲ့သဖြင့် အဆိုပါနေရာတွင်နေထိုင်သည့် လူဦးရေ သုံးရာခန့် အိုးအိမ်မဲ့ဖြစ်နေကြရသည်။

၎င်းနေရာတွင် ကျူးကျော်နေထိုင်နေသူများမှာ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တို့မှ စစ်တွေမြို့သို့ ထွက်ပြေးခိုလှုံလာကြသည့် စစ်ဘေးရှောင်များလည်း ပါဝင်ပြီး စစ်တွေမြို့အပါအဝင် အခြားမြို့နယ်များမှ အိုးမဲ့အိမ်မဲ့ဖြစ်နေကြသူများလည်း ပါဝင်ကြောင်း သိရသည်။

စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက အဆိုပါမြေနေရာတွင် ဌာနဆိုင်ရာနှင့် လူမှုရေးအဖွဲ့အစည်း အဆာက်အဦများဆောက်လုပ်ရန်ထားရှိသော မြေနေရာဖြစ်ကြောင်း ပြောသည်။

ယင်းမြေနေရာမှ ကျူးကျော်နေအိမ်များအား ဖယ်ရှားပေးရန် ယခု ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းကနေ အကြောင်း ကြားခဲ့ကြောင်း ဒေသအာဏာပိုင်ဘက်မှပြောဆိုပြီး နေအိမ်ဖယ်ရှားခံရသူများကမူ ထိုသို့ အကြောင်းကြားခြင်း မရှိဘဲ ဖြိုဖျက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

ဗီဒီယိုများ