- တစ်လကျော်အတွင်း လူငယ် ၃၀ ကျော်ကို အွန်လိုင်းမှ စောင့်ကြည့်ပြီး စစ်ကောင်စီ ဖမ်းဆီးခဲ့
- ဒုက္ခသည်စခန်းများတွင် စစ်ရေးပြင်ဆင်မှုများ ရှိနေသည်ဆိုသည့် ICG ပြောကြားချက် ဘင်္ဂလားဒေ့ရှ် ငြင်းဆို
- အာရက္ခတပ်တော်ကို တိုက်ခိုက်ရန် မွတ်ဆလင်လက်နက်ကိုင်များ ဘင်္ဂလားဒေ့ရှ်တွင် လူစုနေ
- ရခိုင်တွင် စက်ပစ္စည်းရှားပါးမှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်
- စစ်တလင်းမှ မသန်စွမ်း အမျိုးသမီးများ
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် ဆေးဝါးများအရေးပေါ်လိုအပ်နေ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ တိုက်ပွဲများဆက်တိုက်ဖြစ်ပေါ်လာမှုကြောင့် ဒေသခံစစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့်ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီရေးလုပ်ဆောင်သူများထံမှ သိရသည်။
09 May 2022

DMG ၊ မေ ၉
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ တိုက်ပွဲများဆက်တိုက်ဖြစ်ပေါ်လာမှုကြောင့် ဒေသခံစစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့်ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီရေးလုပ်ဆောင်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလနောက်ဆုံးသီတင်းပတ်အတွင်း၌ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်၊ နောင်ဒေ့၊ ခလယ်ရွာလေး၊ မြို့ဟောင်း၊ ဘုရားငါးဆူ၊ ပူးလိန်နှင့် ကမေ့ဝမ်း စသည့်ကျေးရွာများအနီး၌ မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်(BGF)နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုသို့တိုက်ပွဲများအပြင်းထန်ဖြစ်ပွားမှုကြောင့် ကျေးရွာဒေသခံ ၃၀၀၀ ကျော်ခန့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပြီး စားနပ်ရိက္ခာနှင့်ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်သူတစ်ဦးမှပြောသည်။
"တိုက်ပွဲဖြစ်နေတာက နှစ်လနီးပါးရှိပြီ။ ဧပြီလမကုန်ခင်လေးမှာပိုပြီးပြင်းထန်လာတယ်။ တိုက်ပွဲကြောင့် ရွာသားသုံးထောင်ကျော် နီးပါးတိမ်းရှောင်နေရတယ်။ ပြီးတော့စစ်ရှောင်တွေနေဖို့တောင်အဆင်မပြေဘူး။ အချို့ကဂူတွေထဲမှာတို့၊ တောတောင်ထဲမှာနေရတယ်။ စားဖို့သောက်ဖို့ကော၊ ဆေးဝါးကအစ အခက်အခဲအများကြီးဖြစ်နေတယ်။ အဆင်ပြေအောင်လှူပေးဖို့ကြိုးစားနေပါတယ်"ဟု ၎င်းမှဆိုသည်။
ယခုမေလပထမအပတ်အတွင်း၌ ကြာအင်းဆိပ်ကြီးမြို့နယ်အနီးသို့ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်(BGF)မှအင်အားအများအပြားတိုးချမှုကြောင့် ကေအန်ယူတပ်မဟာ(၆)နှင့် နှစ်ဖက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲများထပ်မံဖြစ်ပွားမည်ကိုစိုးရိမ်နေရကြောင်း ဒေသခံများထံမှသိရသည်။
ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးမှ "ဒီလအစမှာ စစ်တပ်တွေကော BGF တွေ မြို့အပြင်ထွက်ဂိတ်မှာစစ်ဆေးတာတွေပိုကြပ်လာတယ်။ မြို့အနီးမှာ တပ်တွေနေရာယူထားတာ တစ်ရာကျော်လောက်ရှိတယ်။ ကေအန်ယူနဲ့လည်း အခုနှစ်ဖက်စလုံးစောင့်ကြည့်နေတော့ တိုက်ပွဲထပ်ဖြစ်လာရင်မလွယ်ဘူး"ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ(၂၃)ရက်မှ မေလ(၁)ရက်နေ့အထိ ကြာအင်းဆိပ်ကြီးမြို့နယ်အနီးကျေးရွာများ၌ မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်(BGF)နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲအကြိမ်(၃၀)ကျော်ဖြစ်ပွားခဲ့ကြောင်း ကေအန်ယူတပ်မဟာ(၆) သတင်းအရင်းအမြစ်များအရ သိရသည်။