DMG ၊ မေ ၁၂

ရမ်းဗြဲမြို့နယ် ကုန်ဘောင်ကျေးရွာတွင် တောင်နှင့်မြောက် ရိုးရာဆွေမျိုးလည်ပွဲကို ယခုလာမည့် ဇွန်လအတွင်း ပြုလုပ်သွားမည်ဖြစ်သည်။

ရိုးရာဆွေမျိုးလည်ပွဲကို ယခင်အဆက်ဆက်ကပင် ပြုလုပ်ဆောင်ရွက်လာခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံအတွင်း COVID-19 ကပ်ရောဂါအခြေအနေကြောင့် နှစ်စဉ်လုပ်ဆောင်လာခဲ့သော ရိုးရာဆွေမျိုးလည်ပွဲကို တစ်နှစ်တာရပ်နားလိုက်ရသည်ဟု ကုန်ဘောင်ကျေးရွာဒေသခံ ဦးသန်းက ပြောသည်။

"ပြီးခဲ့တဲ့နှစ်ကတော့ COVID-19 နဲ့ မလုပ်လိုက်ရဘူး။ ဒီနှစ်မှာတော့ လုပ်မယ်ဆိုပြီးတော့ လုပ်ထားတယ်။ အခုလာမဲ့ ဇွန်လ ၅ ရက် ၆ ရက်ကို လုပ်မယ်ပေါ့။ အရင်ကတော့ မေလထဲမှာ လုပ်တယ်" သူက ဆိုသည်။

အဆိုပါ ဆွေမျိုးလည်ပွဲပြုလုပ်ခြင်းမှာ ရခိုင်ပြည်နယ်အတွင်း ကုန်ဘောင်ကျေးရွာတစ်ရွာသာရှိပြီး အလွန်ပျော်ရွှင်စရာကောင်းသည့် ပွဲတစ်ခုဖြစ်သည်။

" တစ်ခြားရွာတွေမြို့တွေကလည်း လာရောက်လည်ပတ်သူတွေရှိတယ်။ မမြင်ဖူးလို့ လာကြည့်သူတွေလဲရှိတယ်။ ယခုနှစ်မှာလည်း ကျနော်တို့ ရိုးရာဆွေမျိုးလည်ပွဲကို လာရောက်ကြည့်ရှု့ဖို့ ဖိတ်ခေါ်ပါတယ်" ဟု ဦးသန်းက ပြောသည်။

ဆွေမျိုးလည်ပွဲဆိုသည်မှာ ထူးဆန်သော ပုံစံဒီဇိုင်းများဖြင့် တီထွင်ထားသော ဝတ်ကောင်းစားလှများ ဝတ်ဆင်ကာ ကျေးရွာတောင်ဘက်နှင့် မြောက်ဘက်မှ ဆွေမျိုးအချင်းချင်း အပြန်အလှန် လာရောက်လည်ပတ်ပြီး ကျန်းမာကြောင်း၊ စီပွားရေးအဆင်ပြေကြောင်းကို လာရောက်မေးမြန်းကြသော ပွဲတစ်ခုဖြစ်သည်။

ဆွေမျိုးလည်သည့် ရိုးရာအစဉ်အလာကို  ရှေ့ခေတ်ကတည်းက ရမ်းပေါက်နှင့် ကုန်ဘောင်တို့တွင် ပြုလုပ်လာကြပြီး ယခုအချိန်ထိ ရိုးရာအစဉ်အလာအရ ပြုလုပ်ဆောင်ရွှက်လျက်ရှိနေသည်။

ကုန်ဘောင်ကျေးရွာတွင် အိမ်ထောင်စု ၂၅၂ စုရှိပြီး လူဦးရေ ၁၁၉၈ ဦးရှိကြောင်း သိရှိရသည်။

Author: DMG