စစ်တွေတွင် ရဲတပ်သားမှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် မွတ်ဆလင်အမျိုးသားတစ်ဦး သေဆုံး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘုမေကျေးရွာအနီး ရဲတပ်ရင်း(၃၆)ရှေ့၌ ယနေ့(စက်တင်ဘာလ ၄ ရက်) နံနက် ၇ နာရီခွဲခန့်တွင် ရဲတပ်သားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် မွတ်ဆလင်အမျိုးသားတစ်ဦး သေဆုံးသွားကြောင်းသိရသည်။

04 Sep 2022

Photo- Ro Nay San Lwin

DMG ၊ စက်တင်ဘာ ၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘုမေကျေးရွာအနီး ရဲတပ်ရင်း(၃၆)ရှေ့၌ ယနေ့(စက်တင်ဘာလ ၄ ရက်) နံနက် ၇ နာရီခွဲခန့်တွင် ရဲတပ်သားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် မွတ်ဆလင်အမျိုးသားတစ်ဦး သေဆုံးသွားကြောင်းသိရသည်။

သေနတ်ပစ်ခံရပြီးသေဆုံးသွားသူမှာ စစ်တွေမြို့၊ ဒါးပိုင်ကျေးရွာမှ အသက်(၂၀)နှစ်အရွယ် ဇောတ်မီရတ်ဟူဆောနတ်ဆိုသူဖြစ်ပြီး နှစ်ဘီးဆိုင်ကယ်ဖြင့်ကယ်ရီမောင်းသူဖြစ်ကြောင်း သိရသည်။

၎င်းမှာ ဘုမေရွာမှ ဒါးပိုင်သို့သွားသည့်လမ်းတွင် ရဲတပ်ရင်း(၃၆)မှ ထောက်ခံစာစစ်ဆေးစဉ် မပြနိုင်ရာမှ ယခုကဲ့သို့ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒါးပိုင်ကျေးရွာမှ အမည်မဖော်လိုသူတစ်ဦးက DMG သို့ ပြောသည်။

"ကျနော်တို့ကြားတာကတော့ သူတို့ကို အဝင်/အထွက် ထောက်ခံစာတွေစစ်တဲ့အခါ တစ်ယောက်က ဖြေဖို့မတတ်တာကြောင့် သေနတ်နဲ့ပစ်လိုက်တာပါ။ ဆိုင်ကယ်နဲ့နှစ်ယောက်သွားတာ တစ်ယောက်မှာက ထောက်ခံစာပါတယ်။ နောက်တစ်ယောက်မှာမပါတာကြောင့် ပစ်လိုက်တာပါ"ဟု ၎င်းကပြောသည်။

သေနတ်ပစ်ခံရသူမှာ နေရာတွင်သေဆုံးသွားခဲ့ပြီး ၎င်း၏ရုပ်အလောင်းကို စစ်တွေပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း နောက်ထပ်အမည်မဖော်သူတစ်ဦးကပြောသည်။

"ရုပ်အလောင်းကို စစ်တွေဆေးရုံကြီးဆီပို့ဆောင်ထားတယ်။ ဆေးရုံမှာ သူ့ကိုလုပ်စရာရှိတာတွေလုပ်ပြီးရင် ကျနော့်တို့ကို အလောင်းပြန်ပေးမလား၊ မပေးဘူးလားတော့ မသိသေးဘူး"ဟု ၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်မှာ မှန်ကန်ကြောင်းနှင့် ပစ်ခတ်ခဲ့သူမှာ အသက် ၂၀ ကျော်အရွယ် ရဲတပ်သားတစ်ဦးသာဖြစ်ပြီး BA-94 အမျိုးအစားသေနတ်ဖြင့် ပတ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှသိရသည်။

ရဲတပ်ရင်း(၃၆)မှ ရဲတပ်သားက မွတ်ဆလင်များအား အထောက်အထားများစစ်ဆေးရာတွင် စကားအချေအတင်ဖြစ်ပွားခဲ့သည့်အတွက် ယခုကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောဆိုထားသည်။

“စစ်ဆေးတဲ့အခါ စကားအချေအတင်ဖြစ်ပြီး ပစ်မိသွားတယ်လို့တော့ အကြမ်းဖျင်းသိရတယ်။ ရင်ခွဲရုံက ရလာဒ်တွေထွက်လာပြီးတော့ ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု ၎င်းကရှင်းပြသည်။

လက်ရှိတွင် အဆိုပါရဲတပ်သားကိုချုပ်နှောင်ထားပြီး စစ်ဆေးမှုများပြီးပါက ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထက်ပါရဲအရာရှိက ပြောဆိုထားသည်။

ဗီဒီယိုများ