AA ကို မထောက်ပံ့ရန် ရခိုင်ကလုပ်ငန်းရှင်အချို့ကို စစ်ကောင်စီက ခေါ်ယူသတိပေး

ရက္ခိုင့်တပ်တော်(AA)ကို ကူညီထောက်ပံခြင်းများမပြုလုပ်ကြရန် ရခိုင်မှ လုပ်ငန်းရှင်အချို့အား ပြည်နယ်စစ်ကောင်စီမှ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ခေါ်ယူသတိပေးခဲ့ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

21 Sep 2022

DMG ၊ စက်တင်ဘာ ၂၁

ရက္ခိုင့်တပ်တော်(AA)ကို ကူညီထောက်ပံခြင်းများမပြုလုပ်ကြရန် ရခိုင်မှ လုပ်ငန်းရှင်အချို့အား ပြည်နယ်စစ်ကောင်စီမှ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ခေါ်ယူသတိပေးခဲ့ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ရခိုင်က ရွှေဆိုင်လုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် အခြားလုပ်ငန်းရှင်အချို့ကို ပြည်နယ်စစ်ကောင်စီက အစည်းအဝေးခေါ်ယူကာ ထိုသို့သတိပေးခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးသို့တက်ရောက်ခဲ့သော အမည်မဖော်လိုသည့် လုပ်ငန်းရှင်တစ်ဦးက "စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ AA ကို ဆက်ကြေး(အခွန်) မပေးကြဖို့ကိုပြောတယ်။ ပြီးတော့ ဆေးရုံဆေးခန်းတွေမှာ လာကုတာတွေရှိရင်လည်း သူတို့ကို အကြောင်းကြားဖို့ပြောတယ်။ တည်းခိုခန်းတွေ၊ ဟိုတယ်တွေမှာလည်း မသင်္ကာတာ၊ ထူးခြားတာတွေ့ရင် အကြောင်းကြားဖို့ပြောတယ်”ဟု DMG သို့ပြောသည်။

ထိုသို့ပြောဆိုရာတွင် စစ်ကောင်စီမှ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ဒကစမှူး၊ ပြည်နယ်ရဲမှူးကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးနှင့် ပြည်နယ်လဝကဝန်ကြီး တို့ပါဝင်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

“AA ကို ထောက်ပံ့မှုတွေ မလုပ်ဖို့ပြောတယ်။ ထောက်ပံ့ရင် အရေးယူမယ်။ ညှာတာမှာမဟုတ်ဘဲ ရန်သူကို ရန်သူလိုပဲဆက်ဆံသွားမယ်။ လုပ်ငန်းရှင်တွေထဲက ထောက်ပံ့နေတာတွေရှိတယ်လို့ သူတို့သတင်းရထားတာတွေရှိတယ်လို့ပြောတယ်။ ဒါတွေကို ရပ်တန်းကရပ်ဖို့ပြောတယ်”ဟု အစည်းဝေးကိုတက်ရောက်ခဲ့သည့် နောက်ထပ်လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

ထို့အပြင် ဒေသတည်ငြိမ်ပါက ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး ဒေသမတည်ငြိမ်ပါက ဖွံ့ဖြိုးရေးလုပ်ငန်းများ ရှိလာနိုင်မည်မဟုတ်ဟုလည်း ပြည်နယ်စစ်ကောင်စီက လုပ်ငန်းရှင်များကိုပြောဆိုခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူများကို စည်းရုံးရေးထက် ခြိမ်းခြောက်မှုဘက်ကို ပို၍လုပ်ဆောင်လာနေသည်ဟု မြေပုံမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကဝေဖန်သည်။

“အခုအချိန်က စစ်ကောင်စီရဲ့ယန္တရားတွေ ထိန်းမနိုင်သိမ်းမနိုင် ဖြစ်နေတဲ့ကာလလည်းဖြစ်တယ်။ သူတို့အနေနဲ့ ဘယ်အရာကိုမှ မယုံတော့ဘူးဖြစ်လာတယ်။ အခုလို အရူးမီးဝိုင်းအနေထားဖြစ်လာတော့ စည်းရုံးရေးထက် ခြိမ်းခြောက်မှုဘက်ကို ပိုပြီးလုပ်ဆောင်လာတာဖြစ်တယ်။ အရင်က စည်းရုံးခဲ့ပေမယ့် မရတဲ့အဆုံး အခုဆိုရင် လုပ်ငန်းရှင်တွေကိုပါ ရာဇသံပေးခြိမ်းခြောက်တာတွေ လုပ်လာတာဖြစ်တယ်လို့ မြင်ပါတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား စစ်ရေးတင်းမာလျှက်ရှိနေပြီး သံသယဖြင့် ဖမ်းဆီးမှုများလည်း တကျော့ပြန် မြင့်တက်လာနေသည်။

ဗီဒီယိုများ