- စစ်ရေးပဋိက္ခနှင့်ပတ်သက်ပြီး မြို့နယ် ၄၅ ခုကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထား
- မကွေး တော်လှန်ရေးအဖွဲ့ PRA ကို AA ချီးကျူး
- မင်းပြားမှ AA သံသယဖြင့်တရားစွဲခံရသူအမှု အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ ၈ လထိ ကြာမြင့်လာ
- NLD ပါတီ ဖျက်သိမ်းခံရမှု စိုးရိမ်ကြောင်း အမေရိကန်၊ ဂျပန်၊ ဗြိတိန်၊ သြစတြေးလျ တို့ ပြောကြား
- ရခိုင်တွင် တိုက်ပွဲရပ်တန့်နေသော်လည်း ညမထွက်ရအမိန့် ဆက်လက်ရှိနေဆဲ
တပ်မတော်တပ်စွဲထားသည့် ဘုရားပုထိုးများတွင် သင်္ကြန်အတွင်း ဥပုသ်သီလ ဆောက်တည်ခွင့်ရရန် ဒေသခံများတောင်းဆို
တပ်မတော်သားများ ယာယီတပ်စွဲနေထိုင်လျက်ရှိသော ရခိုင်ပြည်နယ်အတွင်းမှ သမိုင်းဝင်ဘုရား၊ ပုထိုး၊ စေတီများတွင် သင်္ကြန်ကာလအတွင်း ဥပုသ်သီလဆောက်တည်ခွင့်ရရှိရန် ဒေသခံများက လိုလားနေကြသည်။
03 Apr 2021

DMG ၊ ဧပြီ ၃
တပ်မတော်သားများ ယာယီတပ်စွဲနေထိုင်လျက်ရှိသော ရခိုင်ပြည်နယ်အတွင်းမှ သမိုင်းဝင်ဘုရား၊ ပုထိုး၊ စေတီများတွင် သင်္ကြန်ကာလအတွင်း ဥပုသ်သီလဆောက်တည်ခွင့်ရရှိရန် ဒေသခံများက လိုလားနေကြသည်။
ကျောက်တော်မြို့ရှိ ကျောက်တော်တောင်ဘုရား၊ မြောက်ဦးမြို့ရှိ သင်းကျစ်တော်ဘုရားနှင့် ရွှေတောင်စေတီတော်မြတ်၊ မင်းပြားမြို့ရှိ ကျိန်းတောင်ဘုရား စသည့် သမိုင်းဝင်ဘုရားပုထိုးများတွင် တပ်မတော်သားများမှ ယာယီတပ်စွဲလျက်ရှိ နေကြောင်း ဒေသခံများကပြောသည်။
မြောက်ဦးမြို့နယ်ရှိ သင်းကျစ်တော်ဘုရားသို့ တိုက်ပွဲဖြစ်ပွားနေသည့် ၂ နှစ်တာကာလအတွင်း တစ်ကြိမ် တစ်ခါမျှ တက်ရောက်ဖူးမျှော်ခွင့်မရရှိခဲ့ကြောင်း ပေါက်တောပြင်ကျေးရွာမှ ဦးကျော်ဝင်းထွန်းက ပြောသည်။
“ ရခိုင်ရိုးရာဓလေ့ဖြစ်တဲ့ သင်္ကြန်အခါမှာတော့ အဲဒီစေတီကိုတက်ပြီး ဥပုသ်သီလဆောက်တည်ခွင့်ရချင်ပါတယ်။ အဓိက အဲဒီတောင်ကိုတက်မယ်ဆိုလို့ရှိရင် စစ်သားတွေဖယ်ပေးရမယ်။ မဟုတ်ရင်တော့ ဘယ်သူမှ တက်ရဲ ကြမှာမဟုတ်ဘူး ” ဟု ဆိုသည်။
အလားတူ မင်းပြားကျိန်းတောင်ဘုရားတွင် တပ်မတော်မှယာယီတပ်စွဲနေသည့်အတွက် တောင်တက်ပြီး ဥပုသ်သီလဆောက်တည်ခြင်းနှင့် ဆွမ်းကျွေးပရိတ်နာခြင်းများ ပြုလုပ်ခွင့်မရသည်မှာ ၂ နှစ်ရှိနေပြီဖြစ်ကြောင်း မင်းပြားမြို့ မြို့မိမြို့ဖ ဦးစိန်ထွန်းလှကပြောသည်။
“ သင်္ကြန်ကာလအတွင်းမှာဆိုရင် အကုန်လုံးက တောင်ပေါ်ကိုတက်ပြီး ဥပုသ်သီလဆောက်တည်ချင်ကြတယ်။ လေကောင်းလေသန့်ရှူပြီး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ ဇီဝါဓာတ်တော်ရဲ့ ဘုရားရင်ပြင်အောက်မှာ သီလ ဆောက်တည်ချင်ကြတယ်။ ဒါပေမဲ့ကျနော်တို့အဲဒီအခွင့်အရေးကို မရနိုင်တာကတော့ ၂ နှစ်လောက်ရှိနေပါပြီ ” ဟု ဆိုသည်။
ကျောက်တော်မြို့ရှိ ကျောက်တော်တောင်ဘုရားတွင်လည်း တပ်မတော်သားများရှိနေ၍ သင်္ကြန်ကာလအတွင်း ဥပုသ်သီလဆောက်တည်ရန်သွားရောက်မည့်သူများအနေဖြင့် စိုးရိမ်စိတ်များရှိနေမည် ဖြစ်ကြောင်း ကျောက်တော်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မောင်က ပြောသည်။
“ အခုချိန်ကာလမှာ တိုက်ပွဲမဖြစ်ဘူးဆိုပေမဲ့လည်း အဲ့ဒီတောင်ထက်မှာ တပ်မတော်သားတွေရှိတဲ့အတွက် သင်္ကြန်အတွင်းမှာ တိုက်ပွဲတွေမဖြစ်ဘူးလို့လည်းမပြောနိုင်ဘူး။ အဲဒီဘုရားမှာ ဘာသာရေးကိစ္စတွေ လုပ်ဖြစ် ရင်လည်း အရင်အတိုင်းလုပ်ခွင့်ရမယ်လို့မထင်ဘူး။ တောင်ထက်ကိုတက်တဲ့အခါလည်း လွတ်လပ်စွာ မတက်ရဲ ကြဘူး ” ဟု ၎င်းကဆိုသည်။
ယင်းသို့ တပ်မတော်သားများယာယီတပ်စွဲထားသည့် ဘုရား၊ ပုထိုး၊ စေတီများတွင် သင်္ကြန်ကာလအတွင်း ဥပုသ် သီလဆောက်တည်ခွင့်ရရှိနိုင်ရန် ဒေသခံများ၏တောင်းဆိုချက်နှင့်ပတ်သက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းအား DMG မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မအားသေးဟုဆိုကာ ဖုန်းချသွားခဲ့သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လင်ဦးက တောင်ပေါ်၌တည်ရှိသည့် ဘုရား၊ ပုထိုး၊ စေတီများတွင် ဒေသခံများ လွတ်လပ်စွာဘုရားဖူးခွင့်ရရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၁၈ ရက်နေ့က တိမ်ညိုစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သေးသည်။
ရခိုင်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ် အောက်တိုဘာလအထိ တပ်မတော်နှင့် အေအေတို့ တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် သင်္ကြန်ပွဲတော်ကို ၂ နှစ်ကြာ မကျင်းပခဲ့ပေ။ ယခု တိုက်ပွဲများရပ်တန့်ပြီး ၅ လခန့်အကြာ ၂၀၂၁ ခုနှစ် သင်္ကြန်ကာလအတွင်း ပွဲကျင်းပရန် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ စီစဉ်လျက်ရှိနေသည်။
လတ်တလောတွင် ရခိုင်မှ စစ်ဘေးရှောင်များနေရပ်မပြန်နိုင်သေးခြင်း၊ အခြား တိုင်းနှင့်ပြည်နယ်တို့တွင်လည်း ရာနှင့်ချီသောပြည်သူများ သေဆုံးမှုရှိနေခြင်းတို့ကြောင့် ရခိုင်ပြည်သူများအနေဖြင့် သင်္ကြန်ကာလအတွင်း အပျော်အပါးလွန်ကြူးမှုများမပြုလုပ်စေလိုကြောင်း ရခိုင်မှ အရပ်ဖက်အဖွဲ့အစည်းအချို့ မေတ္တာရပ်ခံထားသည်။