ရှေးဟောင်းသမိုင်းဝင် ကျောက်တော်တောင်တွင် ဓာတ်လှေကားတပ်ဆင်ရန် စီစဉ်နေ

ရခိုင်သမိုင်းတွင် အထင်ကရနေရာတစ်ခုဖြစ်သော ကျောက်တော်မြို့ အရှေ့ဘက်ရှိ သေလာဂီရိမောရပဗ္ဗတတောင်ကို သက်ကြီးရွယ်အိုများ အဆင်ပြေချောမွေ့စွာ ဘုရားဖူးနိုင်ရေးအတွက်  ဓာတ်လှေကားတပ်ဆင်နိုင်ရန် စီစဉ်နေသည်။

By Admin 16 Mar 2023

ကျောက်တော်မြို့ရှိ သေလာဂီရိမောရပဗ္ဗတတောင်။
ကျောက်တော်မြို့ရှိ သေလာဂီရိမောရပဗ္ဗတတောင်။

DMG ၊ မတ် ၁၆

ရခိုင်သမိုင်းတွင် အထင်ကရနေရာတစ်ခုဖြစ်သော ကျောက်တော်မြို့ အရှေ့ဘက်ရှိ သေလာဂီရိမောရပဗ္ဗတတောင်ကို သက်ကြီးရွယ်အိုများ အဆင်ပြေချောမွေ့စွာ ဘုရားဖူးနိုင်ရေးအတွက် ယခုနှစ်အတွင်း ဓာတ်လှေကားတပ်ဆင်နိုင်ရန် စီစဉ်နေသည်ဟု ဘုရားဂေါပကအဖွဲ့ထံမှ သိရှိရသည်။

ကျောက်တော်တောင်ဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခိုင်မြတ်ကျော်က “ဒီကျောက်တော်တောင်က အမြင့်ပေ ၄၀၀ လောက်ရှိတယ်ဆိုတော့ တချို့သက်ကြီးရွယ်အိုတွေဆိုရင် တောင်ပေါ်ထိရောက်အောင် မတက်နိုင်ဘဲ လက်လျော့ပြီး ပြန်သွားကြရတာတွေရှိတယ်။ ဒါကြောင့် သက်ကြီးရွယ်အိုတွေ ဘုရားဖူး အဆင်ပြေနိုင်အောင် အခုလို ဓာတ်လှေကားတပ်ဆင်ဖို့ စီစဉ်ရတာဖြစ်ပါတယ်”ဟု DMG ကိုပြောသည်။

သေလာဂီရိမောရပဗ္ဗတတောင်တွင် ဓာတ်လှေကားတပ်ဆင်နိုင်ရန် ဒေသခံ ရဟန်းရှင်လူများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် မြို့မိမြို့ဖတို့မှ ထည့်ဝင်သည့်အလှူငွေများဖြင့် တည်ဆောက်သွားမည်ဖြစ်ကာ ငွေကြေး မည်မျှကုန်ကျမည်ကို အတိအကျ မသိရသေးပေ။

ဓာတ်လှေကား တပ်ဆင်နိုင်ရန် ယခင်နှစ်များကတည်းက ကြိုးပမ်းခဲ့သော်လည်း ဒေသတွင်း နိုင်ငံရေး အခြေအနေများနှင့် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုတို့ကြောင့် အချိန်နှောင့်နှေးခဲ့ရခြင်းဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့က ဆိုသည်။

“သုံးမယ့် ဘတ်ဂျတ်ရယ်၊ တည်ဆောက်သွားမယ့် အပိုင်းတွေက လာမယ့်အစည်းအဝေးမှာ ဆွေးနွေးပြီး အတည်ပြုသွားမှာပါ။ အခုလက်ရှိမှာတော့ မ‌ပြောနိုင်သေးဘူးပေါ့။ အခုကတော့ ကျောက်တော်တောင်မှာ ဓာတ်လှေကားတည်ဆောက်ဖို့ကို (ပုဏ္ဏားကျွန်း) ဦးရာဇ်တောင်စေတီက ဓာတ်လှေကားကို နမူနာယူပြီး ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်”ဟု ဘုရားဂေါပကအဖွဲ့မှ ဦးခိုင်မြတ်ကျော်က ဆက်ပြောသည်။

ယခုနှစ် ပွင့်လင်းရာသီတွင် ကျောက်တော်တောင်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူခရီးသည်များ နေ့စဉ် ရာနှင့်ချီလာရောက်လေ့ရှိကြောင်း ဒေသခံများကပြောသည်။ ကျောက်တော်တောင်ပေါ်သို့ ခြေကျင်တက်လျှင် မိနစ် ၃၀ ခန့်ကြာမြင့်ပြီး တောင်ထိပ်အနီးတွင် မတ်စောက်သဖြင့် အချို့သက်ကြီးပိုင်းများမှာ လမ်းတစ်ဝက်မှ လှည့်ပြန်သွားသည်များလည်းရှိကြောင်း ဒေသခံများကဆိုသည်။

“ဒီလိုသာ ဓာတ်လှေကားတပ်လိုက်ရင် အဆင်ပြေသွားမှာပေါ့။ အခုက တစ်ချို့သက်ကြီးရွယ်အိုတွေဆို တောင်ပေါ်ထိကို မတက်နိုင်ကြဘူးလေ။ အပေါ်မှာ နည်းနည်းမတ်စောက်တဲ့ နေရာတွေမှာဆို အားနည်းတဲ့သူတွေက မတက်နိုင်ကြဘူး။ ဒါကြောင့် ဓာတ်လှေကား တပ်လိုက်မယ်ဆိုရင် ဘုရားဖူးတွေအနေနဲ့ အေးအေးလူလူနဲ့ ဘုရားဖူးနိုင်သွားမှာ”ဟု ကျောက်တော်မြို့ခံ ဦးထွန်းသာကပြောသည်။

မဟာသက္ကရာဇ် ၁၂၃ ခုတွင် ဂေါတမမြတ်စွာဘုရားသည် ဓညဝတီ ရခိုင်ပြည်သို့ ကြွရောက်လာခဲ့စဉ် မောရပဗ္ဗတ တောင်ပေါ်တွင် ရပ်တော်မူခဲ့ပြီး “ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် ကျောက်ရိုးတော်ဓာတ်ကို ဤအရပ်၌ ဌာပနာကျောက်တော်စေတီဟု တွင်လတံ့”ဟု ဗျာဒိတ်ထားတော်မူခဲ့ကြောင်း ရခိုင်ရာဇဝင်များတွင် ဖော်ပြသည်။

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ရှိ ရှေ့ဟောင်းသမိုင်းဝင် ဦးရာဇ်တော်စေတီတွင်လည်း ဘုရားဖူးခရီးသည်များ အဆင်ပြေစေရန် ဓာတ်လှေကားကို တပ်ဆင်ထားသည်။ ဦးရာဇ်တော်စေတီတွင် ၂၀၁၆ ခုနှစ်မှစတင်ကာ ဓာတ်လှေကားကို စတင်တပ်ဆင်ခဲ့ပြီး အမြင့် ၁၄၇ ပေရှိကြောင်း သိရသည်။

#I005

ဗီဒီယိုများ