- လူသားချင်းစာနာမှု အကျပ်အတည်း အကြီးမားဆုံး ထိပ်တန်း ၅ နိုင်ငံတွင် မြန်မာပါဝင်
- ဂွတိုက်ပွဲ နှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန်ဖြစ်ပွား
- အလိုရှိနေသော တရုတ်ဟက်ကာကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်
- မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော
- မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
ကျောက်ဖြူဒေသခံ ၂၃ ဦးကို အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေမှု သုံးလကျော်ကြာလာ
“တရားသူကြီးလည်းရောက်တယ်။ ရှေ့နေလည်းရောက်တယ်။ အထက်က အမိန့်မကျသေးတဲ့အတွက် အမိန့်ချလို့မရဘူး ဆိုပြီး ဟိုနေ့ပြောင်း၊ ဒီနေ့ပြောင်း ပြောင်းနေပါတယ်” ဟု တရားရင်ဆိုင်နေရသူ ဦးလှကျော်၏ မိသားစုဝင်တစ်ဦးက ပြောသည်။
11 Nov 2023
DMG ၊ နိုဝင်ဘာ ၁၁
AA သံသယဖြင့် တရားရင်ဆိုင်နေရသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၂၃ ဦးအမှုတွင် သက်သေအားလုံးစစ်ဆေးပြီးစီး၍ အပြီးသတ်အမိန့်ချမှတ်ရန်သာ ကျန်ရှိသော်လည်း ‘အမိန့်ချခွင့်မရ’ ဟုဆိုကာ တရားရုံးက ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ သုံးလကျော်ကြာမြင့်လာပြီဟု မိသားစုဝင်များထံမှ သိရသည်။
ကျောက်ဖြူဒေသခံ ၂၃ ဦးကို အမိန့်ချမှတ်ရန် ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ ၁၀ ကြိမ်ခန့်ရှိလာပြီဖြစ်သည်။ နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်တရားရုံးတွင် ရုံးချိန်းခဲ့ပြီး လာမည့် နိုဝင်ဘာလ ၁၇ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်ပြန်သည်။
“တရားသူကြီးလည်းရောက်တယ်။ ရှေ့နေလည်းရောက်တယ်။ အထက်က အမိန့်မကျသေးတဲ့အတွက် အမိန့်ချလို့မရဘူး ဆိုပြီး ဟိုနေ့ပြောင်း၊ ဒီနေ့ပြောင်း ပြောင်းနေပါတယ်” ဟု တရားရင်ဆိုင်နေရသူ ဦးလှကျော်၏ မိသားစုဝင်တစ်ဦးက ပြောသည်။
ကျောက်ဖြူဒေသခံ ၂၃ ဦးကို ရခိုင်ဒေသအတွင်း ၂၀၂၂ ခုနှစ် တကျော့ပြန်တိုက်ပွဲကာလတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)၊ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)တို့ဖြင့် တရားစွဲဆိုခဲ့သည်။
အပြစ်မဲ့ပြည်သူများ မတရားဖမ်းဆီးခံထားရခြင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပေးရန် ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ ယခုနှစ် မတ်လအတွင်းက တင်ပြထားသော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးပေ။
ကျောက်ဖြူဒေသခံများမှာ တရားရင်ဆိုင်နေရခြင်း အချိန်ကြာမြင့်လာသည်နှင့်အမျှ မိသားစုဝင်များအတွက် စားဝတ်နေရေး၊ ပညာရေး၊ ငွေကြေး၊ လူမှုစီးပွားရေးတို့တွင် ထိခိုက်နစ်နာမှုများ ရှိနေကြသည်။
တရားရင်ဆိုင်နေရသူ ကိုဝင်းနိုင်၏ဇနီး မမိုးမိုးဆန်းက “စီးပွားရေးကလည်း အဆင်မပြေ။ ဝင်ငွေလည်းပုံမှန်မရှိ။ ဆိုင်ကယ်ပြင်ဆိုင်ကိုလည်း ယောက်ျားမရှိလို့ ပိတ်ထားရတယ်။ ကျမလည်း ကလေးတစ်ဖက်နဲ့ဆိုတော့ အလုပ်လည်းမလုပ်နိုင်ဘူး။ ရှိတာလေးတွေကို ထုခွဲရောင်းချလို့ ဖြစ်သလို စားသောက်နေရတယ်” ဟု ပြောသည်။
တရားရင်ဆိုင်နေရသည့် ကျောက်ဖြူဒေသခံများမှာ ဦးမောင်တင်ထွန်း၊ ဦးမြကျော်ထွန်း၊ ဦးခင်အောင်ထွန်း၊ ဦးဇော်မျိုးထွန်း၊ ဦးဝင်းမောင်၊ မောင်ထွန်းနိုင်၊ မောင်ရာဇာချစ်၊ မောင်တင်ရွှေ၊ ဦးသန်းမောင်၊ ကိုရန်နိုင်မင်း(ခ) ကိုသောက်ဆန်း၊ ကိုဇော်လင်း၊ ဦးစိုးမျိုးသူ၊ ကိုအောင်ဝင်းနိုင်၊ ဦးဝင်းအောင်(ခ)ကျော်ဝင်းအောင်၊ မောင်စိုးဝင်းနိုင်၊ ဦးတင်ညွှန့်နိုင်၊ ဦးညီဝင်းနိုင်၊ ဦးဘသန်း၊ ဦးလှကျော်၊ ဦးတင်ညွန့် အပါအဝင် ၂၃ ဦး ဖြစ်သည်။
“ကျမတို့မှာ သူ့စိတ်နဲ့ပင်ပန်းရတယ်။ အစစအရာရာ နစ်နာမှုရှိတာကလည်း ပြောစရာမလိုတော့ပါဘူး။ ကျမပြောလိုတာက သူတို့မှာ အပြစ်ရှိရင်လည်း အပြစ်ချလိုက်၊ မရှိရင်လည်း ပြန်လွှတ်ပေးစေချင်ပါတယ်” ဟု တရားရင်ဆိုင်နေရသူ ဦးစိုးဝင်းနိုင်ဇနီး ဒေါ်နီလာမိုးက ပြောသည်။
DMG က ကောက်ယူထားသောစာရင်းအရ ရခိုင်ပြည်တွင် AA သံသဖြင့် ဖမ်းဆီးခံရပြီး မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)(၂)၊ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က) တို့ဖြင့် တရားရင်ဆိုင်နေရသူ ၁၂၀ ကျော် ရှိနေသေးသည်။
ULA/AA စာရင်းအရ ရခိုင်တွင် တိုက်ပွဲကာလအတွင်း ဒေသခံ ၅၉၄ ဦးဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်ထိ မလွတ်မြောက်သေးသူ ၁၄၂ ဦး ကျန်ရှိနေသေးသည်။
#D003 #DMG