ရခိုင်တွင် မူးယစ်ဆေးဝါးများကို ဆက်တိုက်ဖမ်းဆီးနေ၊ ဖြန့်ဖြူးသူများထဲတွင် AA ရဲ များလည်း ပါဝင်

ရခိုင်ဒေသရှိ ထိန်းချုပ်မြို့နယ်များတွင် အာရက္ခတပ်တော် (AA)က မူးယစ်ဆေးဝါးဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများထဲတွင် အာရက္ခတပ်တော်၏ ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း သတင်းရရှိသည်။

By Admin 03 Sep 2025

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် DLEPS တပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးရောင်းဝယ်သူများကို တွေ့ရစဉ်။ ဓာတ်ပုံ- APM
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် DLEPS တပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးရောင်းဝယ်သူများကို တွေ့ရစဉ်။ ဓာတ်ပုံ- APM

DMG ၊ စက်တင်ဘာ ၃

ရခိုင်ဒေသရှိ ထိန်းချုပ်မြို့နယ်များတွင် အာရက္ခတပ်တော် (AA)က မူးယစ်ဆေးဝါးဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများထဲတွင် အာရက္ခတပ်တော်၏ ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်က ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူများထဲတွင် အာရက္ခတပ်တော် ရဲတပ်ဖွဲ့ DLEPS တပ်ဖွဲ့ဝင် ၇ ဦးအပါအဝင် ရောင်းချသူ ၁၁ ဦးကို AA က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

လက်ရှိ ရခိုင်ဒေသတွင် နိုင်ငံရေးမတည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှုအားနည်းခြင်းတို့အပြင် မူးယစ်ဆေးဝါး အသိပေးမှု အားနည်းခြင်းတို့ကြောင့် မူးယစ်ဆေးသုံးစွဲမှုများလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

" ပုဏ္ဏားကျွန်းမှာ အရင်ကထက် မူးယစ်ဆေးသုံးစွဲတာတွေ တွေ့လာရတယ်။ အဓိကတော့ ယိုးတရုပ်၊ အောင်ဖြူပြင်နဲ့ စစ်ရှောင်စခန်းတချို့မှာဆိုရင် လူငယ်တွေ သုံးစွဲမှုရှိတာတွေ တွေ့ရတယ်။ ရဲတပ်ဖွဲ့အနေနဲ့လည်း ထိရောက်အောင် အရေးယူမှုတွေ အားနည်းနေသေးတယ် " ဟု ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အတူ အာရက္ခတပ်တော်၏ ရဲတပ်ဖွဲ့များသည်လည်း မူးယစ်ဆေးဝါးများကို ဖြန့်ဖြူးရောင်းချရာတွင် ပါဝင်ပတ်သက်နေသဖြင့် AA ၏ အုပ်ချုပ်မှု ယန္တယား ပုံရိပ်များကို ကျဆင်းစေ၍ ထိရောက်စွာ အရေးယူသင့် ကြောင့် ဒေသခံများက ပြောဆိုကြသည်။

ယင်းအပြင် ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်ကလည်း မင်းပြားမြို့၊ ခေါင်းလောင်းကျေးရွာဟောင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ ၂ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ DLEPS တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ မင်းပြားမြို့နယ်တွင် ဩဂုတ်လအတွင်း ကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရခိုင်ဒေသအတွင်း မြို့ပေါ်နှင့် ကျေးလက်ဒေသများပါမကျန် လူငယ်များကြား မူးယစ်ဆေးသုံးစွဲမှု များပြားလာနေသဖြင့် ထိထိရောက်ရောက်အရေးယူပေးရန် လိုအပ်ကြောင်း ရခိုင်ဒေသခံများက ထောက်ပြကြသည်။

" အဓိကတော့ တရားဥပဒေစိုးမိုးမှု အားနည်းတာကို အခွင့်ကောင်းယူပြီး ရောင်းဝယ်ဖြန့်ဖြူးတာတွေ ပိုပြီး လုပ်ဆောင်လာနိုင်တယ်လို့ ထင်တယ်။ တာဝန်ရှိသူတွေအနေနဲ့ လူငယ်တွေကြား မူးယစ်ဆေးသုံးစွဲမှုတွေ လျှော့ကျ အောင်အခုထက်ပို ထိထိရောက်ရောက်လုပ်ဆောင်ဖို့ လိုအပ်တယ်" ဟု မင်းပြားဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

AA အနေဖြင့်လည်း လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးမှန်သမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းရန် အသင့်ရှိကြောင်း ဦးခိုင်သုခက ပြောဆိုထားသည်။

နောက်ထပ် ပုဏ္ဏားကျွန်းဒေသခံအမျိုးသားတစ်ဦးက " နယ်မြေမတည်ငြိမ်တာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးတွေ ရောင်းဝယ်ဖို့ ကြိုးပမ်းလာကြတဲ့သူတွေကို တွေ့ရတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သတ်ပြီး AA ကလည်း အရေးယူမှုတွေ အားနည်းနေသေးတယ်။ လူငယ်တွေ အနာဂတ်ကို ရှေးရှုပြီးတော့ မူးယစ်ဆေးတွေ ပပျောက်အောင် မူးယစ်ဆေးရောင်းဝယ်သူတွေကို ထိထိရောက်ရောက်အရေးယူပြီး သုံးစွဲသူတွေကိုလည်း သုံးစွဲမှုပြတ်သွားအောင် ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ကျန်းမာရေးအသိပညာပေးမှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်" ဟု ဆိုသည်။

အခြားတစ်ဖက်တွင်လည်း AA က မူးယစ်ဆေးများနှင့် တားမြစ်ထားသည့် ပြည်မနှင့်ပြည်ပထုတ် အရက်ဘီယာများကိုပါ ဖမ်းဆီးစစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်လျှက်ရှိသည်။

တောင်ကုတ်မြို့နယ် ဝက်ကျိတ်ရွာရှိ နန်းဒေဝီ KTV အတွင်းရောင်းချနေသည့် တားမြစ်ထားသည့် အရက် ဘီယာများကို ဩဂုတ်လ ၃၀ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရခိုင်နှင့် ပလက်ဝဒေသ မြို့နယ် ၁၅ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်သည် ထိန်းချုပ်ဒေသများအတွင် တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်နေသည်။